သမ္မတရာထူးမှ ဖယ်ရှားခံရသည့် ပတ်ဂွန်ဟေးကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်

March 10, 2017

သမ္မတရာထူးမှ ဖယ်ရှားခံရသည့် ပတ်ဂွန်ဟေးကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို ဖွဲ့စည်းပုံတရားရုံးက ရာထူးကနေ အပြီးတိုင် ဖယ်ရှားလိုက်တာကြောင့် သူ့ကိုထောက်ခံသူတွေ မတ်လ ၁၀ ရက်နေ့က ချက်ချင်း ကန့်ကွက်ဆန္ဒပြခဲ့ပြီး ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။ ဒီ့အတွက် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပြီး သက်ကြီးရွယ်အိုတဦး ဦးခေါင်းမှာ ဒဏ်ရာရတဲ့အတွက် ဆေးရုံပို့လိုက်ရပါတယ်။ ဆိုးလ်မြို့ အာဏာပိုင်တွေဟာ ဒီကနေ့ အရေးကြီးတဲ့ အပြီးသတ် ဆုံးဖြတ်ချက်ချမှာမို့ တရားရုံးအပြင်ဘက်မှာ ရဲတပ်ဖွဲ့ဝင် ၄၆၀၀ ကို မနက်ကတည်းက လုံခြုံရေး ချထားခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက် အပြီးမှာတော့ အဲ့ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ ကာရံထားတဲ့ အတားအဆီးတွေကို ချိုးဖောက်ပြီး ဖွဲ့စည်းပုံတရားရုံးထဲ အဓမ္မဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီ့အတွက် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ငရုတ်ကောင်းစပရေးသုံးပြီး လူစုခွဲခဲ့ပါတယ်။ အခု သမ္မတပတ်ကို ရာထူးကနေ အပြီးတိုင်ဖယ်ရှားလိုက်ပြီမို့ ကိုရီးယားဖွဲ့စည်းပုံဥပဒေအရ သမ္မတသစ်ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိ သမ္မတပတ်ဟာ တောင်ကိုရီးယားသမိုင်းမှာ အမည်းစက်စွန်းထင်းတဲ့ သမ္မတအဖြစ် သမိုင်းတင်ခံရမှာဖြစ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ လာဘ်ယူမှု၊ အာဏာအလွဲသုံးမှုတွေကို ဆက်လက်ရင်ဆိုင်ရဖို့ရှိကြောင်း ဆိုးလ်မြို့က ပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up