သမ္မတပတ်ဂွန်ဟီး အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်ဟု တောင်ကိုရီးယားအစိုးရရှေ့နေ ပြော

November 21, 2016

သမ္မတပတ်ဂွန်ဟီး အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်ဟု တောင်ကိုရီးယားအစိုးရရှေ့နေ ပြော

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးဟာ သူ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတဦးနဲ့ အဂတိလိုက်စားမှုမှာ အတော်လေး ပါဝင်ပတ်သက်နေတယ်လို့ ဆိုးလ်မြို့တော် အစိုးရရှေ့နေတွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောဆိုပါတယ်။ သမ္မတရဲ့ ရင်းနှီးတဲ့မိတ်ဆွေ ချိုဆွန်စီးလ် (Choi Soon-sil) နဲ့ တခြား သမ္မတအကြံပေး ၂ ဦးကို စွဲချက်တင်ခဲ့အပြီး အစိုးရရှေ့နေချုပ်က ပြောဆိုရာမှာတော့ သမ္မတကိုယ်တိုင်လည်း အဲဒီ အဂတိလိုက်စားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်တာတွေ့ရပြီး သမ္မတဖြစ်နေတဲ့အတွက် အရေးယူစွဲချက်တင်ခံရမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ နိုဝင်ဘာ ၁၉ ရက်ကလည်း သမ္မတပတ်ဂွန်ဟီး နုတ်ထွက်ပေးဖို့ တောင်းဆို လူထုဆန္ဒပြပွဲကြီး ဆိုးလ်မြို့တော်မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ သမ္မတ ပတ်ဂွန်ဟီးကတော့ လတ်တလောမှာ လူထုထောက်ခံမှု ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ ၂ ကြိမ် တောင်းပန်ခဲ့ပြီး ဖြစ်ပေမယ့် နုတ်ထွက်ဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။ ဆိုးလ်မြို့တော် အစိုးရရှေ့နေချုပ်က မကြာခင် သမ္မတကို စစ်ဆေးမေးမြန်းမှုတွေ စတင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ အစိုးရရှေ့နေချုပ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး သမ္မတရုံးက တစုံတရာ ထုတ်ဖော်ပြောဆိုမှုတော့ မရှိသေးပါဘူး။ သမ္မတကတော့ သူ့အပေါ် စစ်ဆေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုထားပေမယ့်လည်း သူ့ကို မေးမြန်းစစ်ဆေးမယ် ဆိုတာကိုတော့ ပြီးခဲ့တဲ့တပတ်က ငြင်းဆန်ထားပါတယ်။ ဒီအမှုကိုကိုင်တွယ်ဖို့ အစိုးရ အထူးရှေ့နေတဦး ခန့်အပ်ဖို့ ဥပဒေကြမ်းတရပ်ကိုလည်း တောင်ကိုရီးယားလွှတ်တော်က အတည်ပြုထားပါတယ်။
6 years Ago
Up