သမ္မတဂါနီ

February 12, 2019

တာလီဘန်များ အာဖဂန်တွင် ရုံးဖွင့်ရန် သမ္မတ ဂါနီ ကမ်းလှမ်း

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အဲ့ရှ်ရဲ့ဖှ်ဂါနီက တာလီဘန်တွေကို အာဖဂန်မှာ ရုံးဖွင့်ဖို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကမ်းလှမ်းလိုက်ပါတယ်။ တကယ်လို့ တာလီဘန်တွေက ရုံးခန်းလိုချင်ရင် ကန်ဒဟာ၊ နန်ဂါဟာ ဒါမှမဟုတ် ကဘူးမှာ နေရာပေးမယ်လို့ ဂါနီက နန်ဂါဟာ ခရိုင်ကို သွားရောက်လည်ပတ်ချိန်မှာ ပြောပါတယ်။ ဒါပေမယ့် တာလီဘန်တွေကတော့ သမ္မတရဲ့ ကမ်းလှမ်းချက်ကို ခါးခါးသီးသီး ငြင်းခဲ့တာပါ။ နန်ဂါဟာခရိုင်ဟာ ပါကစ္စတန် နယ်စပ်က သူပုန်အကြမ်းဖက်မှု ထူပြောတဲ့နေရာလည်း ဖြစ်ပါတယ်။ တာလီဘန်တွေရဲ့ အမာခံနယ်မြေလည်း ဖြစ်သလို တာလီဘန်တွေရဲ့ အစ္စလာမ္မစ် လှုပ်ရှားမှုက နိုင်ငံတဝက်နီးပါးက ခရိုင်တွေကို ၁၇ နှစ်ကြာ ထိန်းချုပ်ထားခဲ့ဖူးပါတယ်။ တောင်းဆိုချက်တွေကြားမှာ တရားဝင်ရုံးတရုံးရဲ့ အရေးပါပုံကို တာလီဘန် အရာရှိတွေဟာ အရင်အပတ်က မော်စကိုမြို့မှာ ဖိအားပေးပြောခဲ့ပါတယ်။ တာလီဘန်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ တာလီဘန်အုပ်စုအပေါ် ဝါဒဖြန့်တာ အဆုံးသတ်ရေး၊ အကျဉ်းသားတွေကို ပြန်လွှတ်ရေး၊ တာလီဘန်အဖွဲ့ဝင်တွေအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုနဲ့ ခရီးသွား ပိတ်ပင်မှု ဖယ်ရှားပေးရေး စတာတွေ ပါပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ သူတို့နေရာကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ လိုတယ်လို့ တာလီဘန်ပြောခွင့်ရ ဆိုဟီးလ် ရှာဟင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖဂန် သမ္မတ ဂါနီရဲ့ ကမ်းလှမ်းချက်ဟာ ငြိမ်းချမ်းရေး အားထုတ်မှုကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
2 years Ago
Up