သမ္မတလောင်းပြိုင်ပွဲ

February 18, 2020

ဒီမိုကရက် သမ္မတလောင်းပြိုင်ပွဲတွင် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် အဆင့်ဆက်တိုက် ကျဆင်း

အမေရိကန်နိုင်ငံ အိုင်အိုဝါနဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်တွေက ဒီမိုကရက် သမ္မတလောင်း ကိုယ်စားလှယ်ပြိုင်ပွဲမှာ အရေးမလှခဲ့တာနဲ့ပတ်သက်လို့ အမေရိကန် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က “ ကိုယ်စားလှယ်လောင်းပြိုင်ပွဲဟာ အခုမှ အစပဲ ရှိသေးတယ်”လို့ ပြောပါတယ်။  အိုင်အိုဝါပြည်နယ် ပြိုင်ပွဲမှာ ဘိုင်ဒင်က စတုတ္ထနေရာရခဲ့ပြီးနောက် ၈ ရက်အကြာ နယူးဟမ်ရှိုင်းယားပြိုင်ပွဲမှာ ပဉ္ဓမနေရာသာ ရခဲ့ပါတယ်။ နယူးဟမ်ရှိုင်းယားပြည်နယ် ပြိုင်ပွဲမှာ ဗားမောင့်လွှတ်တော်အမတ် ဘာနေဆန်းဒါးစ် အနိုင်ရပြီး သူ့နောက်မှာတော့ အင်ဒီယားနား မြို့တော်ဝန် ပီးတ်-ဘူတာဂျက်စ်၊ မင်နီဆိုးတား အထက်လွှတ်တော်အမတ် အေမီကလိုဘတ်ရှာနဲ့ မက်ဆာချူးဆက် အထက်လွှတ်တော်အမတ် အဲလိဇဘတ်ဝါရန်တို့က အစဉ်လိုက် နေရာယူထားပါတယ်။  ပြီးခဲ့တဲ့ ပြိုင်ပွဲနှစ်ခုမှာ အဆင့် ဆက်တိုက်ကျဆင်းမှုက ကိုယ်စားလှယ်လောင်း ဘိုင်ဒင်အဖို့ အခက်တွေ့စေခဲ့ပါတယ်။  ဒါကြောင့် ဒီလမှာ ကျင်းပမယ့် နီဗားဒါးနဲ့ တောင်ကယ်ရိုလိုင်းနား ပြိုင်ပွဲတွေမှာ အခြေအနေကောင်းအောင် ဘိုင်ဒင်ဟာ ကြိုးပမ်းရမှာပါ။ သူရဲ့ကိုယ်စားလှယ်လောင်း နေရာ တည်မြဲနေတဲ့အကြောင်း မဲဆန္ဒရှင်တွေနဲ့ အလှူရှင်တွေကို ကိုယ်စားလှယ်လောင်း ဘိုင်ဒင်က ပြသရတော့မှာပါ။ ဒုသမ္မတဟောင်း ဘိုင်ဒင်က ကနဦး ရုန်းကန်ရမှုတွေအပေါ် အရေးမပါသယောင် ပြောခဲ့ပါတယ်။ အိုင်အိုဝါနဲ့ နယူးဟမ်ရှိုင်းယားတို့ဟာ လူဖြူများတဲ့ လူဦးရေ ကိုယ်စားပြု ကိုယ်စားလှယ် မရှိသလောက်ဖြစ်ပြီး တနိုင်ငံလုံးကို ခြုံငုံကိုယ်စားမပြုဘူးလို့ ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့က ပြောထားပါတယ်။
1 year Ago
Up