သမ္မတရွေးကောက်ပွဲ ရလဒ်

November 4, 2020

အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်များ အချိန်နှင့်တပြေးညီ ကမ္ဘာ့ရုပ်သံလိုင်းများ ထုတ်လွှင့်

ကမ္ဘာအနှံ့ ရုပ်မြင်သံကြားလိုင်းတွေဟာ နိုဝင်ဘာ ၄ ရက်မှာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်နေကြပါတယ်။ လောလောဆယ်မှာတော့ ရီပတ်ဗလစ်ကင်ပါတီဝင် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့ကြား ပြိုင်ပွဲကို အဆုံးအဖြတ်ပေးမယ့် အဓိက ပြည်နယ် တဒါဇင်လောက်မှာ မဲရေတွက်လို့ မပြီးသေးပါဘူး။ မဲရေတွက်မှုကတော့ နာရီချီ၊ ရက်ချီ ကြာနိုင်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်ထိ ရေတွက်ပြီးစီးတဲ့ မဲရလဒ်အရ ဂျိုးဘိုင်ဒင်က အမတ်နေရာ ၂၂၄ နေရာကို နိုင်ထားကာ ဒေါ်နယ်ထရမ့်ကတော့ အမတ်နေရာ ၂၁၃ နေရာကို အနိုင်ရထားပါတယ်။ ဂျိုးဘိုင်ဒင်ကတော့ မဲတွေအားလုံးရဲ့ ရလဒ်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်း ဒါမှမဟုတ် နှောင်းပိုင်းလောက်အထိ သိနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။  ဖလော်ရီဒါပြည်နယ်နဲ့ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် တခြားပြည်နယ်တွေမှာ ထရမ့်က ဘိုင်ဒင့်ထက် မဲအသာစီးရနေပြီး ဘိုင်ဒင်ကတော့ အရီဇိုးနားနဲ့ တခြားပြည်နယ် ၃ ခုမှာ ဦးဆောင်နေပါတယ်။ ဖောက်စ် သတင်းဌာနကတော့ ထရမ့်ဟာ ဖလော်ရီဒါမှာ မဲနိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲနိုင်ဖို့ လိုအပ်ချက် ဖြစ်တဲ့ အမတ်နေရာ ၂၇၀ ကို ရဖို့ ဖလော်ရီဒါမှာ မဲနိုင်ဖို့ လိုတယ်လို့ အစီရင်ခံပါတယ်။ အသက် ၇၇ နှစ်အရွယ် ဘိုင်ဒင်ကတော့ အပြာရောင်တံတိုင်းလို့ သတ်မှတ်ထားတဲ့ မီချီဂံ၊ ဝစ္စကိုဆင်နဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်တို့ကို မျက်စိကျနေတာပါ။ အမေရိကန်ပြည်ထောင်စုတဝန်း  မဲရုံတွေ နိုဝင်ဘာ ၃ ရက်မှာ ပိတ်ပြီးကတည်းက ဂျပန်ရဲ့ NHK သတင်းဌာနက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း သမားရိုးကျမဟုတ်တဲ့ ရွေးကောက်ပွဲရဲ့ သက်ရောက်မှုတွေကို ထုတ်လွှင့်ခဲ့တာပါ။ ထိုင်းရုပ်သံ TNN ကတော့ ရွေးကောက်ပွဲအကြိုကာလအတွင်း အမေရိကန်နိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေးကိစ္စရပ်ဆိုင်ရာ ဆန္ဒပြပွဲတွေအကြောင်းကို ထုတ်လွှင့်ပါတယ်။ သြစတြေးလျနိုင်ငံ အခြေစိုက် ABC သတင်းဌာနကတော့ အိုဟိုင်းအိုးပြည်နယ် အပါအဝင် မဲရလဒ်ကို အဆုံးအဖြတ်ပေးမယ့်၊ မဲပြတ်မနိုင်နိုင်လောက်တဲ့ အဓိကပြည်နယ်တွေအကြောင်းကို အစီရင်ခံပါတယ်။ အက်ဒီဆင် သုတေသနဌာနက မဲရုံက ထွက်ထွက်ချင်း မဲရှင်တွေကို မေးတဲ့ ထင်မြင်ချက် စစ်တမ်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို စိုးရိမ်မှု မြင့်နေတာကို ဖော်ပြထားပါတယ်။ အမေရိကန်မှာ ကူးစက်ခံ အတည်ပြုလူနာ ၉ ဒသမ ၄ သန်းကျော်နေပြီး ကူးစက်ခံရသူ ၂၃၀,၀၀၀ သေဆုံးခဲ့ပြီးပါပြီ။
1 year Ago
Up