ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့တဲ့ ၆ နှစ်က လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အမေရိကန် မရိန်းတပ်သားတယောက်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေက စက်တင်ဘာ ၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
လိင်ပြောင်းထားသူတစ်ဦးဖြစ်တဲ့ ဂျက်နီဖှာလောင်ဒေကို အမေရိကန် ရေတပ်စခန်းဌာနချုပ်ဟောင်းနားက အိုလွန်ဂါပိုရပ် ဟိုတယ်တခုထဲမှာ သတ်ဖြတ်ခဲ့မှုအတွက် အမေရိကန် ဒုတပ်ကြပ် ဂျိုးဆက်စကော့တ် ပန်ဘာတွန်မ်ဟာ ၂၀၁၅ မှာ ထောင်ချခံခဲ့ရတာပါ။
သူဟာ ထောင်ထဲမှာ ကောင်းကောင်းနေခဲ့လို့ စောလွှတ်ပေးဖို့ တရားရုံးက အရင်အပတ်က လက်မှတ်ထိုးခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသတ်ခံရသူရဲ့ရှေ့နေက မေတ္တာရပ်ခံစာ ပေးပို့ ကန့်ကွက်ခဲ့လို့ တရားရုံး ဆုံးဖြတ်ချက်က လမ်းပိတ်ခဲ့တာပါ။
ဒါကြောင့် အမေရိကန် ကိုလိုနီဟောင်း ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်တပ်ကြား တင်းမာမှု တကျော့ပြန် ပေါ်ပေါက်ခဲ့ပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဒူဒါတေက ပမ်ဘာတွန်ဟာ မတရား ဆက်ဆံခံခဲ့ရတာမို့ ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။
ဒူဒါတေရဲ့ လွတ်ငြိမ်းခွင့်ဟာ တရားဥပဒေကို မထီလေးစား လုပ်တာဖြစ်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချထားတဲ့ ကြေညာချက်ကို လူ့အခွင့်အရေးအုပ်စု ကာရာပါတန်က ထုတ်ပြန်ခဲ့သလို ဒူဒါတေရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒူဒါတေဟာ အမေရိကန် အစိုးရအပေါ် တဖျစ်တောက်တောက် အပြစ်ပြောမှုနဲ့ ခြိမ်းခြောက်မှုတွေ မကြာခဏလုပ်လို့ နာမည်ကြီးပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကိုတော့ ဒူဒါတေက အဆင့်မချခဲ့ပါဘူး။
ကာကွယ်ရေး မိတ်ဖက်ဖြစ်မှုမှာ အဓိကကျတဲ့ အပြန်အလှန် တပ်ချထားရေး သဘောတူညီချက်ကိုတော့ ဖျက်သိမ်းဖို့ ဇွန်လက ဆုံးဖြတ်ခဲ့ပါတယ်။
6 months Ago