သမ္မတထရမ့် အဆိုပြု

January 29, 2020

ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး သမ္မတထရမ့် အဆိုပြု

ဂျေရုဆလင်အရှေ့ပိုင်းမှာ မြို့တော်ထားရှိမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၈ ရက်မှာ အဆိုပြုလိုက်ပါတယ်။  ဒီအဆိုပြုချက်ဟာ ကိုယ်ပိုင်အုပ်ချုပ်လာမယ့် ပါလက်စတိုင်း ခြေလှမ်းတွေပေါ်မှာ မူတည်ပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ သမ္မတထရမ့် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ အစ္စရေး အခြေချမှုကို အမေရိကန်က  အသိမှတ်ပြုမယ်လို့ အကြီးတန်း အုပ်ချုပ်ရေးအရာရှိတွေက ပြောလိုက်ပါတယ်။ အပြန်အလှန်အနေနဲ့ ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေး ညှိနှိုင်းချိန်မှာ အစ္စရေးဘက်က အခြေချလုပ်ဆောင်မှုတွေကို ၄ နှစ်တာ ရပ်ဆိုင်းဖို့ သဘောတူမှာ ဖြစ်ပါတယ်။  အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို ဘေးမှာထားပြီး သမ္မတထရမ့်က အစီအစဉ်ကို ကြေညာခဲ့တာပါ။ အဲဒီအစီအစဉ်နဲ့ပတ်သက်တဲ့စာကို သမ္မတထရမ့်က ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်ဆီကိုလည်း ပေးပို့ခဲ့ပါတယ်။ ပါလက်စတိုင်းသမ္မတ အာဘတ်စ်ကတော့ “ဂျေရုဆလင်နဲ့ ပါလက်စတိုင်းတို့ရဲ့ အခွင့်အရေးတွေဟာ ရောင်းချဖို့  မဟုတ်သလို ဈေးဆစ်ဖို့လည်း မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။  “ထရမ့်နဲ့ နေတန်ညာဟုတို့ရဲ့ သဘောတူညီချက်ဟာ ပူးပေါင်းကြံစည်မှုဖြစ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး”လို့လည်း ပြောပါတယ်။
1 year Ago
Up