သမ္မတထရမ့် ထပ်ပြော

November 22, 2020

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ဟု သမ္မတထရမ့် ထပ်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာ သူပဲ နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၀ ရက်မှာ ထပ်ပြီး ပြောပါတယ်။  သူဟာ ဆေးဝါးဈေးနှုန်း လျှော့ချရေး ထောက်ခံလို့၊ ပြန်ရွေးကောက်ခံနိုင်ရေး အားထုတ်မှုတွေကို ထိခိုက်အောင် ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို ဗျူဟာကျကျ နှောင့်နှေးထားခဲ့တယ်လို့လည်း ထရမ့်က စွပ်စွဲ ပြောဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ချက် ရလဒ်ကို အသေးစိတ် ကြေညာဖို့ ဖိုက်ဇာ ဆေးကုမ္ပဏီဟာ အချိန်တလကျော် စောင့်နေခဲ့တယ်လို့ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲ ပြောဆိုပါတယ်။  ဆေးဘက်ဆိုင်ရာ စောင့်ရှောက်ရေး အစီအစဉ်အတွက် ဆေးဝါးဈေးနှုန်း လျှော့ချဖို့ ရည်မှန်းထားတဲ့ စည်းမျဉ်းသစ် ၂ ချက်ကို ကြေညာတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြော လိုက်တာပါ။  စည်းမျဉ်းရဲ့ ဒုတိယအချက်က အမေရိကန်မှာ ပေးရတဲ့ ဆေးဝါးဈေးနှုန်းနဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ ပေးရတဲ့ ဈေးတို့ ချိန်ညှိဖို့ရည်မှန်း ရေးဆွဲထားတယ်လို့ ထရမ့်က ပြောပါတယ်။  ကြေညာချိန်ရဲ့ သက်ရောက်မှုကိုလည်း ထရမ့်က မှန်းဆ ပြောဆိုပါတယ်။ “ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ အောက်တိုဘာလမှာ ကြေညာဖို့ စီစဉ်ထားပေမဲ့ ကျနော်လုပ်နေတာတွေကြောင့် ကြေညာချိန် နှောင့်နှေးထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါဟာ အင်မတန်ကြီးတဲ့ ကိစ္စပဲ၊ ဒီမှာ ကျနော် လုပ်နေခဲ့တာတွေကို တယောက်ယောက်က နားလည် သဘောပေါက်ပြီး အသိအမှတ်ပြုမလားတော့ ကျနော် မသိဘူး” လို့ ထရမ့်က ပြောခဲ့ပါတယ်။
5 months Ago
Up