သမ္မတကိုယ်စားလှယ်လောင်

March 11, 2020

ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းရွေးပွဲတွင် ဂျိုးဘိုင်ဒင် ပြည်နယ် ၃ ခု၌ အနိုင်ရ

အမေရိကန်ပြည်နယ် ၆ ခုမှာ မတ်လ ၁၀ ရက်က ကျင်းပတဲ့ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲမှာ ဂျိုးဘိုင်ဒင်က ပြည်နယ် ၃ ခုမှာ အနိုင်ရထားပြီး ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့  ခြေတလှမ်း လှမ်းလိုက်ပါတယ်။  မစ်ရှီဂန်၊ မစ်ဇူရီနဲ့  မင်နီဆိုးတားပြည်နယ် ၃ ခုမှာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီး ပြိုင်ဘက် ဘာနေဆန်းဒါးစ်ရဲ့ အိမ်ဖြူတော်ရောက်ရေး ကြိုးပမ်းချက်ကို မှေးမှိန်သွားစေပါတယ်။  ဖီလာဒဲဖီးယားပြည်နယ်မှာ ဘိုင်ဒင်က ပြိုင်ဘက် ဆန်းဒါးစ်နဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ပါတီစည်းလုံးညီညွတ်မှု ရှိစေဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ “ကျနော်တို့ဟာ ရည်မှန်းချက်တူပြီး ဒေါ်နယ်ထရမ့်ကို အတူတကွ အနိုင်ယူကြမယ်” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။  မတ် ၁၀ ရက်နေ့ညမှာ ဇာတိမြေ ဗားမောင့်ပြည်နယ်ကို ပြန်သွားတဲ့ ဆန်းဒါးစ်ကတော့ လူသိထင်ရှား ပြောခဲ့တာ မရှိပါဘူး။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာမို့ မတ် ၁၀ ရက်နေ့က ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးက ကလိဗ်လန်းမြို့မှာ စီစဉ်ထားတဲ့ လူထုစည်းဝေးပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် စတော့ဈေးကွက်တွေ ကသောင်းကနင်း ဖြစ်နေပြီး ဗိုင်းရပ်စ်အပေါ် သမ္မတထရမ့်အစိုးရ တုံ့ပြန်မှုကို ဒီမိုကရက်တွေက ဝေဖန်နေကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago

March 5, 2020

နယူးယောက်မြို့တော်ဝန်ဟောင်း သမ္မတကိုယ်စားလှယ်လောင်း ပြိုင်ပွဲမှနုတ်ထွက်

မတ် ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အရေးနိမ့်ပြီးနောက် နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့ဂ်ဟာ  ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲကနေ နုတ်ထွက်တယ်လို့ မတ်လ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။   အမေရိကန်နိုင်ငံရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့ ဘလွန်းဘာ့ဂ်ဟာ မဲဆွယ်ပွဲ ကြော်ငြာအတွက်  အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် သုံးခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အရေး မလှခဲ့ပါဘူး။   ဒါကြောင့် ရွေးကောက်ပွဲမှာ  အတော်များများအနိုင်ရခဲ့တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ထောက်ခံအားပေးသွားမယ်လို့ ဘလွန်းဘာ့ဂ်က ပြောပါတယ်။  အခုဆိုရင် ဘိုင်ဒင်ဟာ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရက်ဆိုရှယ်လစ်တဦးဆိုပြီး ပြောနေသူ အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါးစ်ကို အနိုင်ယူမယ့် ထိပ်တန်းပြိုင်ဘက် ဖြစ်နေပါပြီ။  ပြိုင်ပွဲကနေ နုတ်ထွက်သွားတဲ့ ဘလွန်းဘာ့ဂ်က  ဘိုင်ဒန်ကို ဘယ်လိုကူညီမယ်၊ နိုင်ငံရေး မဲဆွယ်ပွဲအတွက်  နောက်ဘာဆက်လုပ်မယ်ဆိုတာက သဲသဲကွဲကွဲ မသိရပါဘူး။  ဘယ်လိုအကူအညီဖြစ်မလဲ  မေးရာမှာတော့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ကို ဒီမိုကရက်တွေအနိုင်ရအောင် ဆက်ကူညီပေးမယ့် ဘလွန်းဘာ့ဂ်ရဲ့ အရင်ကတိကဝတ်ကို သူရဲ့ မဲဆွယ်ပွဲတာဝန်ရှိသူက ညွှန်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up