သမ္မတ

July 7, 2021

အတိုင်ပင်ခံ၊ သမ္မတနှင့် ဒေါက်တာမျိုးအောင်တို့အမှု ရှေ့နေများ၏လျှောက်လဲချက်အားလုံး တရားရုံးပယ်ချ

အတိုင်ပင်ခံ၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရတဲ့အမှုမှာ ရှေ့နေတွေရဲ့ လျှောက်လဲချက်အားလုံးကို တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၆ ရက်နေ့က နေပြည်တော်ခြံအမှတ် ၁ အထူးတရားရုံးမှာ အတိုင်ပင်ခံ၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရတဲ့ ၅၀၅(ခ)အမှုအတွက် ရှေ့နေတွေရဲ့ လျှောက်လဲချက်အားလုံးကို တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

ဇွန် ၂၉ ရက်နေ့ ရုံးချိန်းတုန်းက တရာလိုတင်သွင်းတဲ့ စာရွက်စာတမ်းတွေကို တရားရုံးက သက်သေအဖြစ်လက်ခံကြောင်း အမိန့်ချခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့မှာတော့ ရှေ့နေတွေက သက်သေအဖြစ်လက်မခံနိုင်ကြောင်း ခရိုင်အဆင့်တရားရုံးကို အယူခံဝင်ဖို့ကြိုးစားခဲ့ပေမယ့် ခရိုင်တရားရုံးက ပလပ်ခဲ့ပါတယ်။ 

ဇူလိုင် ၆ ရက်နေ့ရုံးချိန်းမှာလည်း တရားလိုက သက်သေအဖြစ် စာရွက်စာတမ်းတွေ ထပ်မံတင်သွင်းခဲ့ပြီး ရှေ့နေတွေက ထပ်မံကန့်ကွက်ခဲ့ပေမယ့် တရားရုံးက သက်သေအဖြစ်လက်ခံခဲ့ပါတယ်။ 

တရားလိုကို စစ်ဆေးတာဆိုင်းငံ့ဖို့  ရှေ့နေတွေက ထပ်ပြီးလျှောက်လဲချက်တင်တာကိုလည်း တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အများကြီးနစ်နာခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ဒီအမှုကိုဆက်စစ်မယ်ဆိုရင် စွပ်စွဲခံရသူတွေဟာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရမှာဖြစ်တယ်။ အများပြည်သူတွေက တရားရုံးတွေအပေါ်လေးစားယုံကြည်နိုင်ဖို့နဲ့ အမှုသည်တွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုတွေမရှိစေရေးအတွက် အထက်တရားရုံးက ကျမတို့ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို လက်ခံမယ်ဆိုရင် အခုစစ်ဆေးမှုတွေဟာ အဟောသိကံ ဖြစ်သွားမှာဖြစ်တဲ့အတွက် ကျမတို့က တရားလိုကို ဆက်လက်စစ်ဆေးတာကို ဆိုင်းငံ့ဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။  ဒါပေမယ့် တရားရုံးက တရားလို ဦးစိုးစိုးရွှေကို ဆက်လက်စစ်ဆေးဖို့ အမိန့်ကိုချခဲ့ပါတယ်။"

တရားလိုတင်သွင်းတဲ့ သက်သေတွေဟာ အမှုအတွက် အရေးပါတဲ့အတွက် အမှုမှန်ဆုံးဖြတ်နိုင်အောင် မန္တလေးတိုင်းတရားရုံးကို အယူခံဆက်တက်မယ်လို့  ရှေ့နေတွေကပြောပါတယ်။ ရှေ့နေတွေကန့်ကွက်ခဲ့ပေမယ့် မြို့နယ်တရားရုံးကတော့ တရားလိုအပါအဝင် လိုပြသက်သေတစ်ယောက်ကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့တဲ့အတွက် စုစုပေါင်းအမှု ၇ မှုဖြစ်ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးခုအတွက် တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးကဆုံးဖြတ်ထားပါတယ်။

4 months Ago

June 20, 2021

အီရန်နိုင်ငံတွင် တရားရေးအကြီးအကဲ အီဗရာဟင်ရိုင်စီ သမ္မတသစ်ဖြစ်လာ

အီရန်သမ္မတ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတဲ့ နိုင်ငံရေးသဘောထားတင်းမာသူ အီရန်တရားရေးအကြီးအကဲ အီဗရာဟင်ရိုင်စီကို  ရာထူးတာဝန် ပြီးဆုံးသွားတဲ့ အီရန်သမ္မတဟောင်း  ဟတ်ဆန်ရိုဟာနီက ကြိုဆို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ 

သမ္မတသစ်အနေနဲ့ အလွန်ကြီးလေးတဲ့ တာဝန်ရှိသွားပြီလို့ တီဟီရန်မှာ ရိုင်စီနဲ့ အစည်းအဝေး အပြီးမှာ ရိုဟာနီက ပြောကြားလိုက်ပါတယ်။ 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၈ ဒသမ ၆ သန်းရဲ့ ၉၀ ရာခိုင်နှုန်း မဲပေးခဲ့ပြီး လာရောက်မဲပေးသူ ၄၈ ရာခိုင်နှုန်းရဲ့ မဲတွေကို ရေတွက်ထားရာမှာ ရိုင်စီက မဲ ၁၇ ဒသမ ၈ သန်း ရရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အီရန်နိုင်ငံခြားရေး၀န်ကြီး မိုဟာမက်ဒ်ဂျာဗက်ဒ်ဇာရစ်ဖ်ကလည်း ဇွန် ၁၉ ရက်မှာ တရားသူကြီး အီဗရာဟင်ရိုင်စီဟာ  ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတအသစ်ဖြစ်ပြီး အခုကစလို့ လူတိုင်း သူနဲ့အတူ အလုပ်တွဲလုပ်ရတော့မယ်လို့ ပြောပါတယ်။ 

အီရန်နိုင်ငံကိုလည်း သမ္မတသစ်ရိုင်စီက ကောင်းကောင်း ဦးဆောင်ပေးပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေး ယူခံနေရတဲ့ ရှီယိုက် ဘာသာရေးခေါင်းဆောင် အသက် ၆၀ အရွယ် ရိုင်စီဟာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရဖို့ ကျယ်ကျယ်ပြန့်ပြန့် တစ်-ပြေးနေခဲ့ပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံးအဓိပတိ အယာတိုလာ အလီခါမေနီရဲ့ အသိအမှတ်ပြုခံရမှုကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။

ရိုင်စီရဲ့ ရွေးကောက်ပွဲဟာ အရေးကြီးအချိန်ကာလနဲ့ ကြုံနေပါတယ်။ အီရန်နဲ့ အင်အားကြီးခြောက်နိုင်ငံတို့ဟာ သူတို့ရဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည် စတင်ဖို့ ဆွေးနွေးနေကြပါတယ်။ 

၂၀၁၈ ခုနှစ်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အဲ့ဒီသဘောတူညီချက်ကို စွန့်ပစ်ခဲ့ပြီး အီရန်ရဲ့ ရေနံက ရတဲ့ဝင်ငွေကို လျော့ကျစေတဲ့ စိတ်ပျက်စရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့တာပါ။ 

ရိုင်စီဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး အစီအစဉ်အသေးစိတ်တွေကို မကမ်းလှမ်းခဲ့ပေမဲ့ စီးပွားရေးကို အထိနာစေတဲ့ အမေရိကန် ဒဏ်ခတ်မှုကို ဖြေလျှော့ပေးမဲ့ ဖွံ့ဖြိုးရေးကိစ္စတစ်ခုဖြစ်တဲ့ နျူကလီးယား စာချုပ် ပြန်လည်ရှင်သန်ရေးကိုတော့ ထောက်ခံခဲ့ပါတယ်။ 

သမ္မတ မဟုတ်တဲ့ အဓိပတိ ခါမေနီကတော့ အီရန်ရဲ့ နိုင်ငံခြားရေးနဲ့ နျူကလီးယားမူဝါဒလို နိုင်ငံ့အရေးကိစ္စအားလုံးကို နောက်ဆုံး ပြောကြားထားပါတယ်။ 

4 months Ago
More News
Up