သမိုင်းဝင်အမွေအနှစ်

June 17, 2015

နီပေါ ငလျင်ဘေးသင့် သမိုင်းဝင်အမွေအနှစ် နယ်မြေများ ပြန်ဖွင့်လှစ်

နီပေါနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ လလောက်က ငလျင်ဒဏ်ကြုံခဲ့ရတဲ့ ဟီမာလယန်ပြည်နယ်ကို ခရီးသွားဧည့်သည်တွေ ပြန်လာချင်အောင် ဆွဲဆောင်တဲ့အနေနဲ့ ကတ်သမန်ဒူရဲ့ ဒူရ်ဘာရင်ပြင်မှာ ငလျင်ဘေးသင့် သမိုင်းဝင်အမွေအနှစ် နယ်မြေတွေ ပြန်ဖွင့်လှစ်တဲ့အခမ်းအနားကို ဇွန် ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ယူနက်စကိုကနေ သတိပေးကြေညာချက် ထုတ်ပြန်ထားပေမယ့် ဘဏ္ဍာငွေ မလုံလောက်တဲ့ အစိုးရက ခရီးသွားလုပ်ငန်းမှာ အဓိကကျတဲ့ သမိုင်းဝင် အမွေအနှစ် နယ်မြေတွေကို ပြန်ဖွင့်လှစ်ဖို့ ရည်ရွယ်ပြီး နိုင်ငံတ၀ှမ်းက အထိမ်းအမှတ်နေရာပေါင်း ရာနဲ့ချီ ပြန်ဖွင့်လှစ်ခဲ့ပါတယ်။ ယူနက်စကိုကတော့ အဲဒီနေရာတွေဟာ သိပ်စိတ်မချရသေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတာကြောင့် အဲဒီ ပျက်စီးယိုယွင်းနေတဲ့ နေရာတွေဆီ သွားရောက်လိုတဲ့ ဧည့်သည်တွေ အနေနဲ့ အဲဒီနေရာတွေကို သွားရောက်လည်ပတ်ဖို့ မဖြစ်မနေ လိုအပ်ချက် ရှိ၊ မရှိ ပြန်စဉ်းစားဖို့ အကြံပြု လမ်းညွှန်ထားပါတယ်။ ဘာက်တာပူရ်မှာလည်း အလားတူ အခမ်းအနားမျိုး လုပ်ခဲ့ပြီး နောက်တနေ့မှာတော့ ကတ်သမန်ဒူ ဒါဘာရင်ပြင်မှာ ဖွင့်ပွဲအခမ်းအနား  ပြုလုပ်တာပါ။ နီပေါဝန်ကြီးချုပ်ဟောင်း ဂျလာနသ်ခါနဲလ်ကတော့ ပြုပြင်ထိန်းသိမ်းရေး စီမံဆောင်ရွက်ဆဲအဆင့်မှာ ရောက်နေပါပြီလို့ ပြောဆိုပါတယ်။ ရှေးဟောင်းသုတေသန ဦးစီးဌာန အကြီးအကဲ ဘတ်ရှ်နာရာယန်ဒါဟာလ်ကလည်း နီပေါရဲ့ အရေးပါတဲ့ သမိုင်းဝင် နေရာတွေကို မကြာမီမှာ ပြန်ဖွင့်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသွားပါတယ်။ ပြန်တည်ဆောက်မှု အများစုဟာ အခုဆို ဘေးကင်းသွားပြီဖြစ်ကြောင်းနဲ့ ဧည့်သည်တွေ အနေနဲ့ ဘေးမကင်းဘူး ထင်ရတဲ့ နေရာတွေမှာ ဟဲလ်မက် ခေါင်းဆောင်းတွေကို ၀တ်ဖို့ လိုတယ် လို့လည်း ဆိုပါတယ်။ ဧပြီ ၂၅ ရက်နဲ့ မေ ၁၂ ရက်တွေမှာ လှုပ်သွားတဲ့ ငလျင်တွေကြောင့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နယ်မြေများ စာရင်းထဲက ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ နန်းတော်တွေ အပါအ၀င်  ပျက်စီးသွားရတဲ့ အထိမ်းအမှတ် အဆောက်အဦ အနည်းဆုံး ၇၃၄ ခု ရှိပါတယ်။ နီပေါရဲ့ ခရီးသွားရာသီ အမြင့်ဆုံးအချိန်မှာ လှုပ်ခဲ့တဲ့ ငလျင် ၂ ကြိမ်ကြောင့် ပြည်ပခရီးသွားတွေ ထောင်နဲ့ချီပြီး ပြည်တော်ပြန်ကုန်ကြလို့ ဟိုတယ်တွေနဲ့ ခရီးသွားကုမ္ပဏီတွေမှာ ဧည့်သည်တွေ မရှိကြတော့ပါဘူး။ အာဏာပိုင်တွေကလည်း ဘေးကင်းလုံခြုံရေး စိတ်ပူစရာ အခြေအနေတွေ ကြားထဲကပဲ ပျက်စီးသွားတဲ့ အဆောက်အဦတွေကို အမြန် အ၀င်အထွက် ပိတ်လိုက်ပြီး အပျက်အစီးပုံတွေကြားက ရှေးဟောင်းရုပ်တုတွေ အခိုးခံရမှာကိုလည်း ကာကွယ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ အစိုးရဟာ ဧ၀ရတ်တောင်နဲ့ တခြားတောင်တက် လမ်းကြောင်းတွေကို တောင်တက်သူတွေနဲ့ တောတွင်းခရီးသွား ၀ါသနာရှင်တွေအတွက် စိတ်ချရတဲ့ အခြေအနေရှိရင် ပြန်ဖွင့်ပေးနိုင်ဖို့အတွက် တောင်ရဲ့ ဘူမိဗေဒအခြေအနေကို လေ့လာမယ့် နိုင်ငံတကာပညာရှင်တွေကို စေလွှတ်မယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ တောင်ခြေစခန်းကို မြေပြိုကျလို့ လူ ၁၈ ယောက် သေဆုံးခဲ့ရတဲ့ ဧပြီ ၂၅ ငလျင်နောက်ပိုင်း တောင်တက်သူ ရာနဲ့ချီပြီး ဧ၀ရတ်တောင်တက် ခရီးစဉ်ကို စွန့်လွှတ်ထားကြပါတယ်။
6 years Ago
Up