သမီးဖြစ်သူကို မိခင်က ခေါင်းတုံးရိတ်အပြစ်ပေးသည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

October 4, 2016

သမီးဖြစ်သူကို မိခင်က ခေါင်းတုံးရိတ်အပြစ်ပေးသည့်ရုပ်သံ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

ကင်ဆာရောဂါ ခံစားနေရတဲ့ အတန်းဖော်ကို အနိုင်ကျင့်ခဲ့တဲ့ သမီးဖြစ်သူကို ခေါင်းတုံးရိတ် အပြစ်ပေးခဲ့တဲ့မိခင် ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှု မြင့်တက်နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိခင်ဖြစ်သူ အမျိုးသမီးဟာ သမီးရဲ့ ဆံပင်ရှည်တွေကို ဆောင့်ဆွဲကာ ညှပ်နေခဲ့ပြီး သမီးဖြစ်သူက ကြောက်လန့်တကြား အော်ဟစ်နေခဲ့တာကို တွေ့ရပါတယ်။ သမီးဖြစ်သူဟာ ကျောင်းမှာ ကင်ဆာရောဂါသည် အတန်းငယ်ကျောင်းသူတဦးကို ဆေးသောက်နေရချိန်မှာ အနိုင်ကျင့်ခဲ့တာကြောင့် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘယ်မှာဖြစ်ခဲ့တယ် ဆိုတာကိုတော့ မသိနိုင်ဘဲ ဥရောပနိုင်ငံတခုခုမှ ဖြစ်နိုင်တယ်ဆိုပြီး မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် စတင်ခဲ့ကာ ခုသီတင်းပတ်မှာတော့ တကျော့ပြန်မျှဝေမှုတွေ မြင့်တက်လာခဲ့တာပါ။ တချို့ကတော့ ခုလိုဆုံးမအပြစ်ပေးမှုအပေါ် ဝေဖန်နေကြတာပါ။ တချို့ကတော့ ခုလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ သမီးဖြစ်သူက သူ့ရဲ့ ၀စ်လစ်စလစ်ပုံတွေကို အွန်လိုင်းပေါ်တင်ခဲ့တဲ့အတွက်လို့ ပြောနေကြတာပါ။ ရီဇာရာဖာတီအမည်နဲ့ အင်တာနက်အသုံးပြုသူတဦးက “တော်တော်ဆိုးဝါးတဲ့ ဆုံးမပဲ့ပြင်မှုမျိုးပါပဲ” လို့ ဝေဖန်မှတ်ချက်ရေးခဲ့ပါတယ်။ ဆာဂျီယို ဘရက်ဇ်အမည်နဲ့ အသုံးပြုသူတဦးကတော့ “သူ(မိခင်ဖြစ်သူ)က ခေါင်းတုံး တုံးလိုက်တယ်။ ဆံပင်တွေက ပြန်ပေါက်လာမှာပဲလေ။ ဒီအဖြစ်အပျက်ကနေပဲ ပြန်သင်ယူသင့်တယ်လို့ ကျနော်ထင်ပါတယ်” လို့ ဝေဖန် ရေးသားပါတယ်။
5 years Ago
Up