သမီးလေး

September 1, 2017

သာမန်ထက်ပိုကြီးသည့် ဦးနှောက်ကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေရသည့် ၉ နှစ်သမီးလေး (ရုပ်သံ)

အမေရိကန်နိုင်ငံမှ အသက် ၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကေတီရန်ဖရိုးဟာ ရှားပါးတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတမျိုးကြောင့် ပုံပျက်ပန်းပျက် အခြေအနေနဲ့ သနားစဖွယ် အသက်ရှင် နေထိုင်နေရပါတယ်။ ဒါဟာ ရှားပါးလွန်းတဲ့ ရောဂါတမျိုးဖြစ်တာမို့ ဆေးပညာရှင်တွေဟာ အမည်နာမ တိတိကျကျ မတပ်နိုင်သေးဘဲ ဖြစ်နေတယ်လို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၃၁ ရက်နေ့က ဖော်ပြပါတယ်။ မွေးကတည်းက ကေတီရဲ့ ဦးနှောက်ပိုင်းမှာ သာမန်ထက် ပိုမိုကြီးထွားနေခဲ့ပြီး ပုံသဏ္ဌာန် မမှန်ဘဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ အန်ဂီကတော့ သူဟာ သမီးလေးကို မွေးကတည်းက ဒီရောဂါကို တိတိပပ ကုသပျောက်ကင်းနိုင်ဖို့ စောင့်နေခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဆေးပညာရှင်တွေက ကေတီရဲ့ ရောဂါလက္ခဏာနဲ့ အခြေအနေတွေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့မိသားစုဟာ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ကြပြီး မိခင်ဖြစ်သူ အန်ဂီက “ကျမ သူ့ကိုယ်ဝန် ၆ လကတည်းက မူမမှန်တာကို သတိပြုမိခဲ့တာပါ။ မွေးပြီးတော့ ခုလိုပုံစံမျက်နှာနဲ့ ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို မသိခဲ့ပါဘူး။ မျက်နှာပေါ်က အဆီပိုတစ်ရှူးတွေကို ခွဲစိတ် ဖယ်ထုတ်လို့ ရနိုင်တယ်လို့ပဲ သိထားခဲ့တာပါ။ ဘယ်သူမှ ဒါကို မှားယွင်းတဲ့ အခြေအနေလို့ မသိခဲ့ကြပါဘူး” လို့ ပြောပါတယ်။ မွေးစမှာပဲ သူတို့မိသားစုဟာ ဟောလိဝုဒ်မှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ရိုမန် ယူဆူပေါ့ဗ်နဲ့ သွားရောက်ပြသခဲ့ပေမယ့် ရောဂါအမည်နာမ မတပ်နိုင်ခဲ့တဲ့အတွက် ခုအချိန်ထိ အနီးကပ် စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ဒီလိုမျိုး ကျနော် တခါမှ မကြုံဖူးခဲ့ပါဘူး။ သူ့ရဲ့ရောဂါဟာ တသန်းမှာမှ တယောက် ဖြစ်နိုင်ချေရှိတဲ့ ရောဂါမျိုးပါပဲ။ ခန္ဓာကိုယ်တွင်းက ဟော်မုန်း မတန်တဆကြီးထွားမှုနဲ့အတူ တခြားအစိတ်အပိုင်းတွေမှာပါ လိုက်ပြီး ကြီးထွားလာတာမျိုးပါပဲ။” ကေတီဟာ တခြားကလေးငယ်တွေလိုပဲ ကျောင်းမှာ တက်ရောက်ပညာသင်ယူနိုင်ပြီး ကွန်ပျူတာအသုံးပြုတာ၊ လှုပ်ရှားတာတွေ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အခြေအနေ အသေးစိတ်ကို မသိရှိနိုင်သေးဘဲ မိခင်ဖြစ်သူ အန်ဂီကတော့ “ကေတီက တခြားကလေးတွေလိုပဲ ပျော်ရွှင်တဲ့ ကလေးတယောက်ပါပဲ။ တယောက်ယောက်က နာကျင်အောင်လုပ်ရင် ငိုမယ်။ ပျော်ရွှ့င်အောင်လုပ်ရင် ရယ်မယ်။ သူ့မှာလည်း စိတ်ခံစားချက်ရှိပါတယ်။ ခြားနားမှုကို သူမသိဘဲ သူ့ဘဝကို သူ နှစ်သက်ပါတယ်။ ကျမကတော့ အတတ်နိုင်ဆုံး ဒါကို ကုသပေးပြီး ဘဝတလျှောက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ” လို့ ဆိုပါတယ်။
4 years Ago

March 1, 2017

စွန့်ပစ်သွားသည့်ဖခင်ကို ငိုယိုရှာဖွေနေသည့် သနားစဖွယ် သမီးလေး (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ပန်းရောင်ကတ်ကိုင်ဆောင်သူ မိခင်နဲ့ ထိုင်းဖခင်တို့မှ  မွေးဖွားလာတဲ့ ၂ နှစ်ခွဲအရွယ်ရှိ သမီးငယ်လေးက သူ့ဖခင်ကို ငိုယိုပြီး ရှာဖွေနေတဲ့ ဗွီဒီယိုဖိုင် ရေပန်းစားနေပါတယ်။ နောင့်မေယာလို့ခေါ်တဲ့ အဲဒီကလေးဟာ သူများတွေလို ကျောင်းတက်ချင်ပေမယ့်  အထောက်အထား မပြည့်စုံလို့ ကျောင်းတက်ခွင့်ရရေး ဖခင်က လာပြီး ထောက်ခံပေးဖို့ လိုအပ်တဲ့အတွက် အခုလို ငိုယိုပြီး ဖခင်ကိုလိုက်ရှာနေတဲ့ ဗွီဒီယိုဖိုင်ကို သူ့မိခင်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တင်လိုက်တာပါ။ ချစ်စရာကောင်းတဲ့ကလေး သနားစဖွယ်ငိုကြွေးနေတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီး တရက်အတွင်း ကြည့်သူပေါင်း ၅ သိန်းထိ မြင့်တက်သွားသလို သမီးလေးပေါ် လုပ်ရက်တဲ့ ဖခင်ကိုလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။ ဗွီဒီယိုဖိုင် ပျံ့နှံ့သွားပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ချင်းမိုင်မြူနီစီပယ်လက်အောက်ခံ ကလေးထိန်းကျောင်း တာဝန်ရှိသူတွေက မိခင်ထံ ဆက်သွယ်လာပြီး ကလေးကို သူတို့ကျောင်းမှာ ထားခွင့်ပြုလိုက်ပါတယ်။ မေယာရဲ့ မိခင်ဖြစ်သူ အသက် ၂၆ နှစ်ရွယ် နန်းဒဲန်း လုင်းလောဟာ ချင်းမိုင်ခရိုင် ဖန်မြို့နယ်ကနေ ချင်းမိုင်မြို့ပေါ်ရှိ ဆံပင်ညှပ်ဆိုင်တဆိုင်မှာ အလုပ်လာလုပ်နေတာပါ။ သူမဟာ နိုင်းနိဖန်းဆိုသူ ထိုင်းအမျိုးသားတဦးနဲ့ ရည်ငံမိပြီး ကလေးမွေးလာတော့ အဲဒီအမျိုးသားဟာ ပေါ်မလာတော့ဘဲ ဖေ့စ်ဘွတ်ခ်မှာလည်း သူမကို ဘလော့သွားသလို သူ့ရဲ့အကောင့်ကိုလည်း ပိတ်သွားတယ်လို့ ဆိုပါတယ်။ သူမက ကလေးကို တဦးတည်း ပြုစုပျိုးထောင်ရင်း သမီး ၂ နှစ်ကျော်အရွယ်ရောက်တော့ အိမ်ဘေးက ကလေးတွေလို ကျောင်းသွားချင်တယ်လို့ ပူဆာကြောင်း၊ သူ့အနေနဲ့လည်း ကလေးအကြိုအပို့ အဆင်ပြေအောင် သူအလုပ်လုပ်တဲ့ ချန့်ဖိုတ်ရပ်ကွက်ထဲက မြူနီစီပယ်ဌာနက ဖွင့်ထားတဲ့ မူကြိုကျောင်းကို သွားအပ်ခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီကျောင်းက သူတို့နယ်မြေထဲက ကလေးတွေကိုပဲ လက်ခံပြီး ကျောင်းအပ်ချင်ရင် ကလေးရဲ့ အိမ်ထောင်စုစာရင်းကို ဒီနယ်မြေထဲပြောင်းလာဖို့ ဒါမှမဟုတ် ထိုင်းနိုင်ငံသားဖခင်က လာရောက်လက်မှတ်ထိုး ထောက်ခံပေးမှ လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ နန်းဒဲန်းဟာ ပန်းရောင်လက်မှတ်သာရှိပြီး ထိုင်းနိုင်ငံသားမဟုတ်လို့ ကလေးအတွက် အိမ်ထောင်စုပြောင်းပေးခွင့် မရှိသလို သမီးအတွက် ထောက်ခံပေးခွင့်လည်း မရှိပါဘူး။ သူ့သမီးမွေးဖွားစဉ် မွေးစာရင်းရဖို့ အသိ ထိုင်းအမျိုးသားတဦးက မွေးစားသမီးအဖြစ် မှတ်ပုံတင်ပေးခဲ့ပေမယ့် ကျောင်းအပ်ဖို့ကိစ္စမှာတော့ လာရောက်ထောက်ခံပေးခြင်း မရှိပါဘူး။ ဒါကြောင့် သူတို့အခက်အခဲကို သမီးရဲ့ဖခင် သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ငိုနေတဲ့သမီးရဲ့ ဗွီဒီယိုကလစ်ကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ကြောင်း၊ သူ့အနေနဲ့  အဲဒီအမျိုးသားဆီက ငွေကြေးတစုံတရာ ထောက်ပံ့ဖို့ မျှော်လင့်တာမဟုတ်ဘဲ သမီးရဲ့ပညာရေးအတွက် လာရောက်ထောက်ခံပေးဖို့သာ တောင်းဆိုတယ်လို့  မြူနီစီပယ်ဌာန တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ မြူနီစီပယ်ဌာနကလည်း လူသားချင်းစာနာတဲ့အနေနဲ့ ကလေးကို လက်ခံပေးခဲ့တာကြောင့် နောင့်မေယာဟာ လာမယ့်စာသင်နှစ်ကစ ကျောင်းဝင်ခွင့်ရသွားပြီး မေလ ၁၇ ရက်နေ့မှာ ကျောင်းစတက်ရတော့မှာ ဖြစ်ပါတယ်။
5 years Ago
Up