သမီးအရင်း

December 7, 2018

သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူအား ထောင်ဒဏ် နှစ် ၂ဝ ချမှတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားရုံးက အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့  ဦးကိုနိုင်(ခ)ဦးစန်းအေးကို ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်​။ မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ မယ်ဇလီစမ်းကျေးရွာနေ ၁၅ နှစ်အရွယ် မိန်းခလေးတဦးဟာ  ဖခင်ရှိရာမင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပုလဲ (၃) ရပ်ကွက်မှာ သွားရောက်နေထိုင်ခဲ့ရ ၂၀၁၈ မေလ ၂၉ ရက်မှာ မိခင်ဖြစ်သူထံ ပြန်ပို့ပေးမယ် ပြောဆိုပြီး ဦးကိုနိုင်က ဆိုင်ကယ်နဲ့ မြောင်းမြမြို့ကို ခေါ်သွားခဲ့ပါတယ်။ ​မြောင်းမြမြို့နယ် ဖျာပုံစုတောထဲအရောက်မှာ တကြိမ်၊ မြောင်းမြမြို့ ရွှေကြယ်စင် တည်းခိုခန်းမှာ တကြိမ်၊ ဝဲကလေးကျေးရွာနေ အဒေါ်ဖြစ်သူထံ နှစ်ရက်လောက် သွားရောက်လည်ပတ်ခဲ့ပြီး မြောင်းမြမြို့ ရွှေကြယ်စင် တည်းခိုခန်းမှာ ပြန်လည်တည်းခိုစဉ် နောက်ထပ် အကြိမ်ကြိမ်အဓမ္မ ကျူးလွန်ခဲ့ပြီး မိခင်အရင်းရှိရာ ကျေးရွာကိုပြန်မပို့ဘဲ မင်္ဂလာဒုံ ရွှေနံ့သာကျေးရွာကို ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ​နေအိမ်ရောက်တဲ့ အခါမှာ​တော့ မိန်းကလေးက မိထွေးဖြစ်သူနဲ့ အစ်ကိုအရင်းဖြစ်သူတို့ကို အကျိုးအကြောင်းပြောပြရာ အစ်ကိုဖြစ်သူက မင်္ဂလာဒုံရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါတယ်​။ အသက်မပြည့်သေးတဲ့ သမီးအရင်းဖြစ်သူအား သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့တဲ့ ဖခင်အရင်း ဦးစန်းအေး(ခ)ဦးကိုနိုင်ကို မင်္ဂလာဒုံရဲစခန်းကတဆင့် မြောင်းမြရဲစခန်းမှာ လွှဲပြောင်းကာ ဖမ်းဆီးထားခဲ့ပါတယ်​။ ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု (သက်ငယ်မုဒိမ်းမှု) ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ တရားလိုဘက်က အကူအညီတောင်းခံလာလို့ မြောင်းမြခရိုင် အမျိုးသမီးရေးရာအဖွဲ့က ဒီအမှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၆ ရက်မှာတော့  မြောင်းမြခရိုင်တရားရုံး ၊ ဒုခရိုင်တရားသူကြီး ဒေါ်ခင်ဝင်းနိုင်က ဒီမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆  သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်​။
3 years Ago

February 22, 2018

သမီးရင်းကို အဓမ္မပြုကျင့်သည့်ဖခင် ထောင်ဒဏ်အနှစ် ၈၀ ပြစ်ဒဏ်ချမှတ်ခံရ

မလေးရှားနိုင်ငံမှာ သမီးရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်အမျိုးသားကို ပြစ်မှုဆိုင်ရာ ဗဟိုတရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်အနှစ် ၈၀ နဲ့ ကြိမ်ဒဏ် ၂၄ ချက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဆာရာဝပ်ခ်ပြည်နယ် တရားရုံးက ဒီပြစ်ဒဏ်ချမှတ်မှု မတိုင်ခင်မှာ တရားခံက တရားရုံး ၄ ခုမှာ အသနားခံစာတင်သွင်း အယူခံဝင်ခဲ့ပြီးနောက်မှာမှ ခုလို အပြီးသတ်အမိန့် ချမှတ်နိုင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ပြည်နယ်မြို့တော် ကူချင်းမြို့နဲ့ ၆၅ ကီလိုမီတာအကွာ ပါဒဝမ်ဒေသတွင်း နေအိမ်မှာ ဖြစ်ခဲ့တာလို့ မလေးရှားအခြေစိုက် ဘနားမားသတင်းမှာ ဖော်ပြပါတယ်။ အသက် ၄၀ အရွယ် တရားခံအမျိုးသားဟာ သမီးဖြစ်သူကို လွန်ခဲ့တဲ့ ၃ နှစ်တာကာလ ၂၀၁၅ ခုနှစ်၊ မတ်လကတည်းက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သမီးငယ်ဟာ အသက် ၁၄ နှစ်အရွယ်ရှိနေပြီလို့ ဆိုပါတယ်။ ဒီကာလတွေအတွင်းမှာ သူဟာ သမီးဖြစ်သူကို ၄ ကြိမ် လိင်ဆက်ဆံမှုလုပ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ အကြိမ်တိုင်းမှာ ပဋိသန္ဓေတားဆေးတွေ သောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အချိန်ကာလ ကြာရှည်မသိနိုင်ခဲ့တဲ့ ဒီပြဿနာကို သမီးဖြစ်သူက မိခင်ဖြစ်သူဆီ WechatApp အသုံးပြုပြီး ပြောပြခဲ့ရာကနေ ကွင်းဆက်ရခဲ့ပြီး တိုင်ကြားခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ တရားခံအမျိုးသားကို ဖမ်းဆီးစစ်ဆေးခဲ့ကြပြီး ခုလို အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တရားခံဟာ အထွေထွေလုပ်သားတဦးဖြစ်ကာ သူ့မှာ အခုသမီးဖြစ်သူ အပါအဝင် ကျွေးမွေးစောင့်ရှောက်ရမယ့် သမီးသုံးယောက်နဲ့ သားတယောက်ရှိတာမို့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အစိုးရ ဒုတိယရှေ့နေ ဟာရက်ရှ်ပရာကက်ရှ်က တရားခံအမျိုးသားဟာ စိတ်အခြေအနေ မူမမှန်ဘဲ ခုလိုကျူးလွန်ခဲ့တဲ့အပေါ် သင့်တော်တဲ့ပြစ်ဒဏ် ကျခံစေဖို့လိုတယ်လို့ တရားရုံးမှာ ပြောလိုက်တာပါ။ “သူ့ကို သော့ပိတ်ပြီး သော့တွေကို ဝေးဝေးသာ လွှတ်ပစ်လိုက်တော့” လို့ အစိုးရ ဒုတိယရှေ့နေ ဟာရက်ရှ်ပရာကက်ရှ်က ပြောပါတယ်။
4 years Ago
Up