သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပြီး မြေးဖြစ်သူကို မွေးဖွား (ရုပ်သံ)

September 5, 2015

သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပြီး မြေးဖြစ်သူကို မွေးဖွား (ရုပ်သံ)

အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး ရှာရီ ဒစ်ခ်ဆန်က သူ့သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပေးပြီး မြေးကို မွေးလိုက်ပါတယ်။ မန်ဒီစတီဖင်က သူနဲ့ ခင်ပွန်းသည်တို့ဟာ လမစေ့ဘဲ မွေးခဲ့တဲ့ မွေးကင်းစသားငယ် သေဆုံးအပြီး နောက်ထပ် ကလေးယူဖို့ နည်းလမ်းအတော်များများကို စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ "မိသားစုဝင်တယောက်က ငါ အငှားကိုယ်ဝန် ဆောင်ကောင်း ဆောင်နိုင်မယ်လို့ ပြောတော့ ပထမ ကျမတို့ နည်းနည်း တမျိုးဖြစ်သွားတယ်။ တခြားမိသားစုတွေလည်း ဒါမျိုးလုပ်ကြတာနဲ့ ပတ်သက်ပြီး စဖတ်မိတယ်" လို့ သူက ပြောပါတယ်။ အကြိမ်ကြိမ် စစ်ဆေးအပြီးမှာ အဘွားဖြစ်သူက အငှားကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးလူအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ အဘွားဖြစ်သူကတော့ "ကိုယ်ဝန်ဆောင်ရတာ သိပ်လွယ်တယ်။ ကိုယ်ဝန်ဆောင်ရတာ ကြိုက်တယ်။ ကိုယ်ဝန်ဆောင်ရတာကို ဘယ်တုန်းကမှ ဘယ်လိုမှ စိတ်မညစ်ဘူး။ သမီးအတွက် လုပ်နိုင်တာ တခုခုဆိုတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ" လို့ ပြောပါတယ်။ အိမ်မှာ ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်ချိန်မှာ အဖြေက ကိုယ်ဝန်ရှိရဲ့လားဆိုတာ သေချာအတည်ပြုဖို့ ဒုက္ခနည်းနည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ရေတွေ တခွက်ပြီးတခွက် သောက်ပြီး ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်ကိရိယာက မျဉ်းကို ကြည့်ရတယ်။ အဘိုးဖြစ်မယ့် ခင်ပွန်းသည်နဲ့အတူ ရေသောက်ပြီး အတူကြည့်ခဲ့တယ်လို့ ပြောပါတယ်။ သမီးဖြစ်သူကတော့ "အမေက သတင်းလာပြောတော့ ထခုန်ပြီး ကျမတို့အားလုံး ဖက်ထားကြတယ်" လို့ ပြောပါတယ်။ ကလေးကို ဇူလိုင် ၃၁ ရက်နေ့မှာ မွေးခဲ့ပါတယ်။
6 years Ago
Up