သမိုင်းကောင်းကို

A d v e r t i s e m e n t With Us

September 7, 2016

သမိုင်းကောင်းကို ရေးထိုးပါ

နေပြည်တော်မှာ လေးရက်တာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြီးဆုံးသွားပါပြီ။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆော်သြဦးဆောင်မှုနဲ့ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီညီလာခံဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နိဒါန်း အစိတ်အပိုင်းသာ ဖြစ်တယ်ဆိုပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ပြီးတဲ့နောက် နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံး ခေါ်ယူကျင်းပနိုင်တဲ့ တိုင်းရင်းသားလူမျိုး စုံညီစွာ ပါဝင်တက်ရောက်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံကြီးတရပ် ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ကမ္ပည်းတင်သွားတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ခြေလှမ်းတရပ် ဖြစ်သလို တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ အစိုးရနဲ့ တပ်မတော်တို့ မျက်နှာစုံညီ တွေ့ဆုံပြီး ပြည်သူလူထု ရှေ့မှောက်မှာ အဖွဲ့အစည်းတိုင်းဟာ မိမိတို့သဘောထားတွေကို တင်ပြခွင့်ရခဲ့ကြတဲ့ ညီလာခံ ဖြစ်ပါတယ်။ ညီလာခံမှာ အစုအဖွဲ့အသီးသီးက တင်ပြသွားခဲ့တာတွေကို လေ့လာလိုက်ရင် ဘုံတူညီတဲ့ ရည်မှန်းချက်၊ သဘောထားတွေရှိပေမယ့် အဲ့ဒီရည်မှန်းချက်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ကွဲပြားတဲ့ အမြင်တွေ ရှိသလို အဲ့ဒီရည်မှန်းချက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်ထည်ဖော်မှာလဲ ဆိုတဲ့အပေါ်မှာ ရပ်တည်ချက် မတူညီတာ တွေ့ရမှာ ဖြစ်တယ်။ ဘုံတူညီတဲ့ ရည်မှန်းချက်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ် ဆိုတာရယ်၊ စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ပိုင်ဆိုင်ဖို့ ဆိုတာက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ထောင်ရမယ် ဆိုတာတွေပါပဲ။ မတူညီတဲ့ သဘောထားအမြင် ရပ်တည်ချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ ကွဲပြားကြတာ တွေ့ရသလို ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းမှာလဲ ဆိုတဲ့အပေါ်မှာလည်း မတူညီကြပါဘူး။ ပြီးတော့ အဲ့ဒီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုတဲ့ သဘောထားနဲ့ ဒီဖွဲ့စည်းပုံဟာ တပြည်ထောင်စနစ်ကိုသာ ကိုယ်စားပြုတယ်၊ ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီဘူးလို့ မြင်တဲ့သဘောထားတွေမှာ မတူညီကြပါဘူး။ တိုင်းရင်းသားတွေ    ဆွေးနွေးချပြကြတဲ့ ဖက်ဒရယ်မူတွေနဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ သဘာထားအမြင်တွေမှာ ကွဲလွဲနေတာပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းထဲမှာလည်း ဖွဲ့စည်းပုံကို လိုက်နာရမယ်ဆိုတဲ့အချက် ပါဝင်နေတဲ့ တပ်မတော်ရဲ့ မူ ၆ ချက်ကို ထပ်လောင်း အတည်ပြု  ပြောဆိုခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ အစည်းအဝေးအတွင်းမှာ တပ်မတော်သားတွေ ဖတ်ကြားတဲ့ စာတမ်းဟာ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒထဲမှာလည်း ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဝိသေသလက္ခဏာတွေလည်း ပါဝင်နေတယ် ဆိုတဲ့အချက်ကို အဓိကထား ပြောသွားခဲ့ကြပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ သတ်မှတ်ထားတာ၊ နိုင်ငံသားအခွင့်အရေးတွေ ပေးထားတာ အပါအဝင် အမျိုးသားလွှတ်တော် ဖွဲ့စည်းထားပုံကို ကိုးကားပြီးတော့ ဖက်ဒရယ်စနစ်ကို လက်ရှိဖွဲ့စည်းပုံက အာမခံထားတယ်ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ဖတ်ကြားသွားခဲ့ကြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း အလားတူပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုလက္ခဏာ အပြည့်ရှိကြောင်း၊ ပြည်ထောင်စုပြိုကွဲအောင်လုပ်ရင် ပြည်သူ့အားနဲ့ ဆန့်ကျင်မယ့် သဘောမျိုး သူတို့ရဲ့ ရပ်တည်ချက်ကို ပြောသွားခဲ့ပါတယ်။ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ငံသူနိုင်ငံသားအများစု အလိုမတူဘဲ ဇွတ်အဓမ္မ အတည်ပြုခဲ့လို့ ပြည်တွင်းသာမက နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို မရရှိခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုင်းရင်းသားအများပြည်သူတွေ တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်လို့ ရတယ်လို့ အများပြည်သူရှေ့မှောက်မှာ ထပ်မံကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။ မွန်အမျိုးသားပါတီက တင်ပြရာမှာတော့ အရင်စစ်အစိုးရ အတင်းအကျပ် အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပြည်ထောင်စနစ်သာ ဖြစ်တာမို့ လုံးဝ လက်မခံကြောင်းနဲ့ ဖက်ဒရယ်အခြေခံမူများကို ရှင်းလင်းတင်ပြသွားပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံတရပ် လိုအပ်နေတယ်လို့ အမြဲတစေ ပြောဆိုခဲ့ကြပါတယ်။ တိုင်းရင်းသားအဖွဲ့အချို့ ပြောသွားရာမှာ တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက် ထားရှိဖို့ ဒီမိုကရေစီသဘောတရားတွေကို ပြောသွားတာမျိုးရှိသလို လူမျိုးအပေါ် အခြေခံပြီး ဗမာပြည်နယ် အပါအ၀င် ၈ ပြည်နယ်ဖွဲ့ဖို့ အဆိုကို တင်ခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် စာတမ်းဖတ်ရာမှာတော့ လူမျိုးကို အခြေခံတဲ့ ပြည်နယ်အစိုးရတွေနဲ့ ပေါင်းစည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောသွားပေမယ့် သူတင်ပြတဲ့စာတမ်းဟာ ဗဟိုအစိုးရမှာ အာဏာမရှိသလောက်ဖြစ်ပြီး  ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်အာဏာ အားလုံးလိုလို ယူနိုင်ဖို့ တောင်းဆိုထားတာမို့ ကွန်ဖက်ဒရိတ်စနစ်ကို ပြောသွားတာပါ။ ကွန်ဖက်ဒရိတ်စနစ် (Confederate System) မှာ ဗဟိုအစိုးရဟာ လုပ်ပိုင်ခွင့်အာဏာ  အလွန်နည်းပါးပြီး ပြည်နယ်၊ တိုင်းဒေသတွေမှာ အခွန်ကောက်ခွင့်လည်း မရှိသလို တရားဥပဒေ စိုးမိုးလိုက်နာအောင်  ဆောင်ရွက်ဖို့အတွက် အခွင့်အာဏာတောင် မရှိပါဘူး။ (A federal system assigns more power to the central government, whereas a confederate system reserves most of the power for the states. In a confederation, the central government has no power to tax the people or enforce laws.) တနည်းအားဖြင့် ပြောရရင် ကွန်ဖက်ဒရိတ်စနစ်ဆိုတာ ဗဟိုချုပ်ကိုင်မှု သို့မဟုတ် ဗဟိုအစိုးရအာဏာရှင် အစွန်းတပါးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပြည်နယ်အာဏာရှင် အစွန်းတပါးလို့ ပြောရင်ရပါတယ်။ (A confederate system sits at the other extreme in terms of centralization.) UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ တခြားအဖွဲ့တင်သွင်းတဲ့ စာတမ်းထဲမှာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ ပါဝင်ပြီး မြန်မာနိုင်ငံကို အမည်ပြောင်းဖို့ ဆိုတာကနေ တပ်မတော်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆိုတာအထိ ပါဝင်တဲ့အတွက် တခြားအဖွဲ့တွေနဲ့ မတူတဲ့ ကွဲပြားခြားနားချက်တွေ တော်တော်ပါရှိပါတယ်။ သူတို့ရဲ့ နိုင်ငံရေးဆိုင်ရာ စာတမ်းထဲမှာ တပ်မတော်ကို ကာကွယ်ရေးဝန်ကြီးလက်အောက်မှာ ထားဖို့နဲ့ ကာကွယ်ရေးဝန်ကြီးကိုလည်း အရပ်သားထဲကသာ ခန့်ဖို့တို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကြည်းရေလေဦးစီးချုပ်တို့ကို တိုင်းရင်းသားလူမျိုး တယောက်စီ ခန့်ဖို့တို့လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ လေးရက်တာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမ အစည်းအဝေးကတော့ ပြီးဆုံးသွားပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ လက်မှတ်မရေးထိုးရင် နောက်ပိုင်းပြုလုပ်မယ့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီရဲ့ စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ညီလာခံက ဆွေးနွေးတင်ပြချက်တွေကို အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကပဲ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများမှာ ညီလာခံက တင်သွင်းလာတဲ့ စာတမ်းတွေကို တူတာတွေစုပြီး ၀ိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပရောဂျက်စီမံခန့်ခွဲမှု ပညာရပ်နဲ့ ပြောရရင်တော့ ငြိမ်းချမ်းရေးပရောဂျက်အဖွဲ့ဝင် သတ်မှတ်ခြင်းနဲ့ ဖွဲ့စည်းခြင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီပင်လုံညီလာခံဟာ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်ပတ်သက်နေတဲ့ အစုအဖွဲ့ အားလုံးနီးပါးရဲ့ ခံစားချက်၊ သဘောထား၊ ရပ်တည်ချက်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ကိုယ်ကျိုးစီးပွား ချိန်ခွင်လျှာ၊ အဖွဲ့အစည်းစွဲ အားသန်မှု၊ လူမျိုးစွဲ ဒေသစွဲစိတ်ဓာတ်၊ အများအကျိုးစီးပွား၊ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာ အနည်းအများ၊ ရည်မှန်းချက်တွေကို ကွက်ကွက်ကွင်းကွင်း ပြည်သူတွေ မြင်ခွင့်ရခဲ့ပါပြီ။ အဲ့ဒီသဘောထားတွေ၊ ဖြစ်ချင်ရချင်တဲ့ ဆန္ဒတွေကို အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကနေ အများပြည်သူတွေ လက်ခံနိုင်တဲ့ ရလဒ်တွေ ထွက်လာအောင် ညှိနှိုင်းဆွေးနွေးကြရမှာပါ။ အဲ့ဒီလိုလုပ်ရာမှာ မြန်မာ့ငြိမ်းချမ်းရေးပရောဂျက် အစုအဖွဲ့တွေအတွင်းမှာ သဘောမတူညီမှုတွေ၊ ပွတ်တိုက်မှုဆိုတဲ့ ပဋိပက္ခသဘောဆောင်တဲ့ အငြင်းပွားမှုတွေ ရှိလာနိုင်ပါတယ်။ “ပဋိပက္ခများ စီမံကိုင်တွယ်ခြင်းနှင့် ညှိနှိုင်းအဖြေရှာခြင်း အတတ်ပညာ" ပရောဂျက်စီမံခန့်ခွဲမှုပညာရပ်မှာ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းနည်း (Conflict Management Techniques) ၅ နည်း ရှိပါတယ်။ အဲ့ဒါတွေကတော့... ၁)  အလျှော့ပေးနည်း (Smoothing/Accommodating) ၂) ရှောင်ထွက်နည်း/ဆိုင်းငံ့နည်း (Withdrawal/Avoidance) ၃) ဖိအားပေးနည်း (Forcing) ၄) အပေးအယူလုပ်နည်း (Compromising) ၅) အတူတကွပြဿဿ     နာအဖြေရှာနည်း (Confronting/Collaborating) အထက်ပါ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းနည်းတွေဟာ ပါဝင်ပတ်သက်နေသူတွေရဲ့ အသိတရားရေချိန် အနိမ့်အမြင့် အခြေအနေ အချိန်အခါအလိုက် သုံးစွဲရမှာ ဖြစ်ပါတယ်။ ပရောဂျက်စီမံခန့်ခွဲမှုပညာရပ်အနေနဲ့ အသင့်တော်ဆုံးနည်းလမ်းကတော့ နံပါတ် ၅ ဖြစ်တဲ့ အတူတကွ ပြဿနာအဖြေရှာနည်း (Confronting/Collaborating) ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနည်းဟာ ပဋိပက္ခတွေက ရှောင်ထွက်မပြေးဘဲ အတူတကွ ပြဿနာကို ဖြေရှင်းတဲ့နည်းဖြစ်တဲ့အပြင် ပါဝင်တဲ့ အစုအဖွဲ့အားလုံး ကိုယ်စီ ရသင့်တာတွေ ရရှိနိုင်စေတဲ့ (Win-Win) အခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။ တပ်မတော်ဖြစ်ဖြစ်၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဖြစ်ဖြစ်၊ ပြည်သူတွေကိုယ်တိုင်ပဲဖြစ်ဖြစ် ဘယ်သူမဆို သတိချပ်ရမှာက မိမိနဲ့ မိမိအဖွဲ့အစည်းရဲ့ လိုလားချက်တွေဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီရဲ့လား၊ မိဘပြည်သူ အများစုဆန္ဒနဲ့ ထပ်တူကျရဲ့လား၊ ပြည်ထောင်စုအကျိုးစီးပွားနဲ့ သဟဇာတဖြစ်ရဲ့လား ဆိုတာ အမြဲတစေ သုံးသပ်နေရမှာ ဖြစ်တယ်။  လောကမှာ  ဖြစ်ချင်တာ၊ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာထဲမှာ ဖြစ်သင့်တာကို ဦးစားပေးပြီးမှ ကိုယ်ဖြစ်ချင်တာဆီ ရောက်အောင် မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးပမ်းသွားသင့်ပါတယ်။ ဥပမာတခုပေးရရင် မိသားစုထမင်းဝိုင်းအတွက် မိသားစုဝင်တွေထဲမှာ ကြက်သားစားချင်တဲ့ ဆန္ဒ၊ ပုဇွန်စားချင်တဲ့ ဆန္ဒတွေ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စားချင်တဲ့ ဆန္ဒတွေ မတူကွဲပြားကြမှာ အသေအချာပါပဲ။ တချို့မိသားစုဝင်တွေက လောဘကြီးတတ်မယ်၊ တချို့က ရောင့်ရဲတတ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုကြီးတခုလုံးရဲ့ ၀င်ငွေ၊ တတ်နိုင်မှု၊ ကျန်းမာရေးအတွက် သင့်တော်မှု စတဲ့ အဘက်ဘက်နဲ့ ကိုက်ညီမှုရှိအောင် စဉ်းစားပြီး အများဆန္ဒအတိုင်း ချက်ပြုတ်လို့ ပျော်ပျော်ရွှင်ရွှင် သုံးဆောင်ခံစားသင့်ပါတယ်။ ကိုယ်မကြိုက်တဲ့ဟင်းချက်လို့ ဆိုပြီး ဟင်းအိုး ထမင်းအိုးတွေ ကန်ကျောက် ဖျက်ဆီးတာမျိုး မလုပ်သင့်သလို အင်အားကြီးတဲ့သူကလည်း ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ချက်ချင်တာ ချက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒီဆောင်းပါးကို နိဂုံးသတ်ရင် ၂၁ ရာစု ပင်လုံညီလာခံကြီးကတဆင့် ငြိမ်းချမ်းရေးတံခါးကို တွန်းဖွင့်ခြင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း  မြန်မာနိုင်ငံရဲ့ သက်တမ်းရင့် ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ ထင်ရှားတဲ့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လက်ရှိအစိုးရနဲ့အတူ လက်တွဲလို့ ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ်ဆိုတဲ့ ကတိစကားလည်း ပေးထားပြီးပြီမို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေအားလုံးဟာ  မြန်မာနိုင်ငံသူ နိုင်ငံသားတွေ  မျှော်လင့်တောင့်တနေကြတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အတူတကွ အရယူပေးပြီး ကိုယ့်သမိုင်းကောင်းကို ကိုယ်တိုင် ကမ္ပည်းထိုးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်။ မင်းကောင်းချစ်  
4 years Ago
Up