သမိုင်းသင်ရိုးညွှန်းတန်း

August 18, 2018

တရုတ် သြဇာလွှမ်းမိုးမှု လျှော့ချရန် ထိုင်ဝမ် သမိုင်းသင်ရိုးညွှန်းတန်း ပြင်မည်

ထိုင်ဝမ်ပညာရေး အာဏာပိုင်တွေဟာ တရုတ်ယဉ်ကျေးမှု သြဇာလွှမ်းမိုးနေတာကို လျှော့ချနိုင်ရေးအတွက် အထက်တန်းကျောင်း သမိုင်းသင်ရိုးညွှန်းတန်းကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ထိုင်ဝမ်အထက်တန်းကျောင်း သင်ရိုးသစ်ထဲမှာ တရုတ်သမိုင်းဟာ သီးခြားကဏ္ဍအနေနဲ့ မပါတော့ပါဘူး။ အရှေ့အာရှ သမိုင်းလို့ ခေါ်တဲ့ ကဏ္ဍသစ်ထဲမှာသာ တရုတ်သမိုင်းက ပါနေတော့တာပါ။ အရင်က ပညာရေး ပြုပြင်ပြောင်းလဲမှုတွေအတွင်း တရုတ်သမိုင်းပုံရိပ် အယောက် နှစ်ရာကျော်ကို သမိုင်းဖတ်စာအုပ်တွေ ထဲကနေ ဖျက်သိမ်းခဲ့ပြီးပြီ” လို့ ထိုင်ဝမ်မှာ သမိုင်းဘာသာကို ၃၅ နှစ်ကြာ သင်ကြားခဲ့သူ ဆောင်ရို့မိန်က ပြောပါတယ်။ တရုတ်သမိုင်းကို အရှေ့အာရှ သမိုင်း ထဲမှာ ရောပေါင်းပြီး သင်ရင် ကျောင်းသားတွေဟာ မင်းဆက်တွေ တိုးတက် ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး လုံလောက်အောင် လေ့လာနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် အကြောင်းပြဖို့ ထိုင်ဝမ်ပညာရေး အာဏာပိုင်တွေရဲ့ အားထုတ်မှုလို့ စွပ်စွဲတာတွေလည်း ရှိနေပါတယ်။ “ဥပမာ ပြောရရင် ပညာရေး ကော်မတီဝင်တွေက ချင်မင်းဆက်ရဲ့ အုပ်ချုပ်ရေး မူဝါဒ ဆိုတဲ့ ခေါင်းစဉ်ကို ချင်မင်းဆက်က ထိုင်ဝမ်ကို ကိုလိုနီပြု အုပ်ချုပ်မှုလို့ ပြောင်းချင်တယ်။ ထိုင်ဝမ်က ချင်မင်းဆက်ရဲ့ အစိတ်အပိုင်း မဟုတ်သလို၊ တရုတ်ပြည်မကြီးက လူတွေနဲ့ ထိုင်ဝမ်က တမိသားစုတည်း မဟုတ်သလို လေသံ ပေါက်တယ်။ ဒီလို သင်ရိုး ပြုပြင်တာတွေ ဆက်လုပ်နေရင် တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့ရဲ့ ယဉ်ကျေးမှုနဲ့ သွေးစည်းမှုကို လူတွေ မှတ်မိဖို့ ပိုခက်မယ်” လို့ ဆောင်ရို့မိန်က ပြောပါတယ်။ ဒါဟာ ထိုင်ဝမ် လွတ်လပ်ရေး လှုပ်ရှားမှုကို တွန်းအားပေးဖို့ ရည်မှန်းထားတဲ့ နိုင်ငံရေး လုပ်ဆောင်ချက်ဖြစ်ပြီး သမိုင်းကြောင်းဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ ရှိဖို့ အရေးကြီးတယ်လို့ တရုတ်ယဉ်ကျေးမှု တက္ကသိုလ်သမိုင်းဌာန ပါမောက္ခ ဝမ်ကျုံးဖှူက ပြောခဲ့ပါတယ်။
3 years Ago
Up