သမိုင်းဝင်

May 17, 2018

ဂျက်ကီချန်း စုဆောင်းထားသည့် သမိုင်းဝင် အဆောက်အဦ ၄ လုံးကို ပြန်မွမ်းမံမည်

ကမ္ဘာကျော် အက်ရှင်မင်းသား ဂျက်ကီချန်း စုဆောင်းထားတဲ့ သမိုင်းဝင် အဆောက်အဦတွေကို တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ပြန်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေပြည်နယ်မှာ ဂျက်ကီချန်း ဝယ်ထားတဲ့ ဟွေခေတ် သမိုင်းဝင် အဆောက်အဦ ၄ လုံးကို ပြန်မွမ်းမံတော့မှာပါ။ ဒီအဆောက်အဦတွေဟာ မင်ခေတ်နှောင်းပိုင်း ၁၃၀၀ ပြည့်လွန်နှစ်တွေကနေ ချင်ခေတ်နှောင်းပိုင်း ၁၉၀၀ ပြည့်လွန်နှစ်တွေ ကြားကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အားလုံးဟာ သစ်သားအိမ်တွေ ဖြစ်ပါတယ်။ ဒီအဆောက်ဦတွေရဲ့ အစိတ်အပိုင်းတွေဟာ ဘန်ဘူမြို့မှာရှိတဲ့ ကန်သာယာထဲက လရိပ်ပြတိုက်ကို စရောက်လာပါပြီ။ ဒီပြတိုက်ဟာ တရုတ်နိုင်ငံတလွှား ခေတ်အသီးသီးက သမိုင်းဝင် အဆောက်အဦတွေကို ထားရှိရာနေရာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အဆောက်အဦ ၄၅၀ ကို ရွှေ့ယူ ထိန်းသိမ်းထားပါတယ်။ ရှေးဟောင်းအဆောက်အဦတွေကို ပြန်ထိန်းသိမ်းထားတာဟာ နှစ်ပေါင်းများစွာကတည်းက သူ့ဆန္ဒတွေထဲက တခုလို့ ဂျက်ကီချန်းက ပြောပါတယ်။ “ဒီနေ့ဟာ အမေနေ့ပါ။ အမေ့ကို ဒီကို ခေါ်လာရသလိုပဲ ဒီနှစ်တွေအတွင်း အိမ်ဟောင်းတွေနဲ့ပတ်သက်တဲ့ အားထုတ်မှုတွေ အလုပ်ဖြစ်လာပြီ။ ဒါ ကျနော့်အတွက် အပျော်ဆုံးအရာပဲ” လို့ ဂျက်ကီချန်းက ပြောပါတယ်။ ဆက်လက်ပြီး သူက "ကျနော်တို့အဖွဲ့ဟာ ပြိုနေတဲ့၊ မီးလောင်ထားတဲ့၊ မလိုချင်တဲ့ အိမ်တွေဆီ သွားခဲ့တယ်။ တခြားပစ္စည်းတွေ လုံးဝ ပျက်စီးနေပေမယ့် တချို့အဆောက်အဦသုံး ပစ္စည်းတွေက ပြန်သုံးလို့ရနေသေးတာ တွေ့ရတယ်။ ခင်ဗျားတို့ ခုမြင်နေရတဲ့ အိမ်တလုံးချင်းစီဟာ ၂ အိမ် ၃ အိမ်က ပစ္စည်းတွေနဲ့ လုပ်ထားတာ" လို့ ဂျက်ကီချန်းက ပြောပါတယ်။ ဒီပြတိုက်ထဲမှာ ဂျက်ကီချန်းက သူ့ရုပ်ရှင်တွေထဲမှာ သုံးခဲ့ပြီး နောက်ပိုင်း အသုံးမလိုတော့တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အနုပညာလက်ရာတချို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။
3 years Ago
Up