သမိုင်း

April 19, 2019

ပုဂံဘုရား သမိုင်းအချက်များ အလွယ်တကူဖတ်နိုင်ရန် QR Code များဖြင့် ချိတ်ဆက်ထား

ပုဂံက ဘုရားတွေမှာ သမိုင်းအချက်အလက်တွေ အလွယ်တကူဖတ်ရှုနိုင်မယ့် QR Code တွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒါကို ရန်ကုန်ကွန်ပြူတာတက္ကသိုလ်၊ ထိုင်းနိုင်ငံ National Electronic and Computer Technology Center (NECTEC) နဲ့ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက “အခု အဆူ ၆၀ မှာ စိုက်ထူပြီးသွားပါပြီ။ လူသွားလူလာများတဲ့ တန်ခိုးကြီး ဘုရားတွေမှာ စိုက်ထူခဲ့တာပါ။ လောလောဆယ်တော့ နောက်ထပ် လုပ်ဖို့ မရှိသေးပါဘူး” လို့ ပြောပါတယ်။ စေထီပုထိုးတွေနားမှာ QR Code ကို ဖတ်ရှုနိုင်ဖို့ ဘုတ်ပြားတွေ ထောင်ပေးထားတာ ဖြစ်ပြီး Museum Pool ဆိုတဲ့ အပလီကေးရှင်းကို ဒေါင်းလုဒ်ရယူရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်က အဆူ ၂၀ မှာ စတင် စိုက်ထူခဲ့တာဖြစ်ပြီး အခု ၂၀၁၉ ခုနှစ် ဧပြီ ဒုတိယပတ်က အဆူ ၄၀ မှာ ထပ်ပြီး စိုက်ထူခဲ့တာပါ။ ရှေးဟောင်းစေတီပုထိုး တဆူချင်းစီရဲ့ သမိုင်းအချက်အလက်တွေကို အင်္ဂလိပ်၊ မြန်မာဘာသာတွေနဲ့ ဖော်ပြထားသလို အသံနဲ့လည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။ အခု ဧပြီ ဒုတိယပတ်မှာ တပ်ဆင်ပြီးစီးခဲ့တဲ့ စေတီပုထိုးတွေကတော့ မီးမလောင်ကျောင်း၊ မီးငြိမ်းကုန်း၊ နွားပြဂူ၊ မဟာစေတီ၊ မင်္ဂလာစေတီ၊ ဂူပြောက်ငယ်(မြင်းကပါ)၊ ဂူပြောက်ကြီး(မြင်းကပါ)၊ မြစေတီ၊ နန်းဘုရား၊ အပယ်ရတနာ၊ နဂါးရုံ၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိမ်းညက်ညီအမ၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ ရှင်ပင်သာလျောင်း၊ ရွှေဆံတော်၊ လောကထိပ်ပန်၊ ငကျွဲနားတောင်း၊ သံတော်ကြား၊ သရပါဂိတ်၊ အာနန္ဒာအုတ်ကျောင်း၊ ဥပါလိသိမ်၊ အလိုတော်ပြည့်၊ ကျန်စစ်သားဥမင်၊ ရှင်မထီး၊ ဂူပျောက်ကြီး (ဝက်ကြီးအင်း)၊ ဆပဒ(ဘုရားနီ)၊ ကုန်းတော်ကြီး၊ သကျမုနိ၊ ကျောက်ဂူဥမင်၊ နန္ဒမညာဘုရား၊ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ အတွင်းစည်းခုံ၊ ပိဋကတ်တိုက်၊ သပိတ်မှောက်ဘုရား (ပံ့သကူမထေရ်ဘုရား)၊ နတ်လျောင်းကျောင်းနဲ့ ဆင်ဖြူရှင်အုတ်ကျောင်း တို့ ဖြစ်ပါတယ်။
2 years Ago

August 16, 2018

သမိုင်းကို ဆင်ခြင်သုံးသပ်ရန် ဂျပန်အစိုးရအား တိုက်တွန်း

ပစိဖိတ်ဒေသအရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဂျပန်အစိုးရအနေနဲ့ သမိုင်းကို ဆင်ခြင်သုံးသပ်ဖို့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်ဟာ အာရှမှာ ရန်လိုစစ်ပွဲ ဆင်နွှဲဖူးတဲ့ သမိုင်းကို အမြဲ ဆင်ခြင်သုံးသပ်သင့်တယ်၊ လမ်းမှားကို ထပ်မသွားမိအောင် ရှောင်သင့်တယ်လို့ ဂျပန်နိုင်ငံသား ပစိဖိတ် တက်ကြွလှုပ်ရှားသူ တာခခငဲ့ ဖုဂျိတက သြဂုတ် ၁၄ ရက်နေ့မှာ ပြောလိုက်တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း တခြား အာရှနိုင်ငံတွေမှာ ကပ်ဘေးသင့်အောင် ဂျပန်က လုပ်ခဲ့မှုအတွက် အဲဒီအချိန်က ဂျပန်ဝန်ကြီးချုပ် တိုမိအိချိ မူရာယာမက ကြေညာချက်ထုတ်ပြန် တောင်းပန်ခဲ့ပါတယ်။ မူရာယာမ ကြေညာချက်ကို ထောက်ခံထိန်းသိမ်းဖို့နဲ့ တိုးတက်ပြန့်ပွားစေဖို့ ရည်စူးထားတဲ့ ဂျပန် အရပ်ဘက်အုပ်စုရဲ့ ညွှန်ချုပ်လည်းဖြစ်တဲ့ ဖုဂျိတက ဂျပန်ဟာ အလားတူအမှားမျိုးကို ထပ်ပြီး မကျူးလွန်ရဘူးလို့ ပြောပါတယ်။ ဘယ်လိုစစ်ပွဲကိုမှ မဆင်နွှဲဘူးဆိုတဲ့ကတိ တည်ဖို့နဲ့ စစ်အတွင်း ရက်စက်ယုတ်မာခဲ့မှု အပေါ် ရိုးရိုးသားသား နောင်တရပြီး သမိုင်းကို ဆင်ခြင်သုံးသပ်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းတယ်လို့လည်း သူက ပြောပါတယ်။ ဒီလိုမှသာ ဂျပန်ဟာ အိမ်နီးချင်းတွေနဲ့အတူ ဆက်နေနိုင်မယ်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးသာလျှင် ဘုံကြွယ်ဝမှုကို ဦးတည်စေမယ်ဆိုတာ သမိုင်းက ကျနော်တို့ကို သင်ပေးပြီးပြီလို့ သူက ဆက်ပြောပါတယ်။ သြဂုတ် ၁၅ ရက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က လက်နက်ချတဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။
3 years Ago
Up