သဘာဝဘေး

June 8, 2019

သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အသင့်ရှိကြရန် ဒုသမ္မတ တိုက်တွန်း

မြန်မာနိုင်ငံမှာ သဘောဝဘေးအန္တရာယ်တွေ ပိုမိုရင်ဆိုင်နေရတာကြောင့် သဘာဝဘေးအန္တရာယ်ကို မျက်ခြည်မပြတ်လေ့လာသိရှိဖိုနဲ့ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင့်သင့်ဖြစ်နေကြဖို့ သဘာဝဘေးစီမံခန့်ခွဲသူတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဥိးဟင်နရီဗန်ထီးယူက အခုလို ပြောကြားလိုက်တာပါ။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝ ဘေးအန္တရာယ်များ ပိုမိုများပြားအင်အားပြင်းထန်လာခြင်းတို့ဟာ ထူးခြားစွာခံစားလာရတဲ့ ဘေးအန္တရာယ်တွေ မဟုတ်တော့ဘဲ ကမ္ဘာပေါ်မှာ ပုံမှန်ဖြစ်ပေါ်ခံစားလာရတဲ့ ဘေးအန္တရာယ်များဖြစ်လာနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မုတ်သုံကာလတိုတောင်းလာပြီး မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာ၊ ဆိုင်ကလုန်းမုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာတာ၊ အပူချိန်လွန်ကဲလာတာ၊ လေပြင်းတိုက် မိုးသီးကြွေ မိုးကြိုးပစ်တာတွေ ပိုမိုများပြားလာတာနဲ့ ရေကြီးရေ လျှံမှုတွေ နှစ်စဉ်ဖြစ်လာတာ စတဲ့ ဘေးအန္တရာယ်တွေ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဒုသမ္မတက ပြောပါတယ်။ ဒါကြောင့် သဘာဝဘေးစီမံခန့်ခွဲသူတွေအနေနဲ့ ဘေးအန္တရာယ်တွေကို မျက်ခြည်မပြတ်လေ့လာသိရှိနေဖို့၊ အစဉ်အမြဲ နိုးကြားနေဖို့၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင့်သင့်ဖြစ်နေဖို့နဲ့ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်း တွေအပြင် ရေရှည်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြဖို့ ဒုသမ္မတက တိုက်တွန်းသွားပါတယ်။ လက်ရှိ မိုးတွင်းကာလ မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုတွေ၊ လျှပ်တပြက်ရေဘေး၊ မိုးကြိုးပစ်တာ၊ မြစ်ကမ်းပါးပြိုတာ၊မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေ ထိခိုက်မှုမှလျော့နည်းသက်သာစေဖို့ သက်ဆိုင်ရာဌာနအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ဒုသမ္မတက ပြောပါတယ်။ အစည်းအဝေးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ကော်မတီဝင်တွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရ  တာဝန်ရှိသူတွေ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago

April 5, 2019

သဘာဝဘေးကြောင့် ပျက်စီးသီးနှံများအတွက် ၀မ်းတွင်းတောင်သူများကို ပံ့ပိုးငွေ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ သီးနှံတွေအတွက် တောင်သူတွေအား ပံ့ပိုးငွေ သိန်း ၁၀၀ ကျော် ပေးအပ်ပွဲကို အုပ်ချုပ်ရေးမှူးရုံးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ စိုက်ပျိုးရေးဌာန မန်နေဂျာ ဒေါ်ရီရီမွန်က "သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် တောင်သူတွေကို ပံ့ပိုးပေးတာ အခုအကြိမ်ရောဆို တတိယအကြိမ်မြောက် ပေးခြင်းပါ။ ပထမအကြိမ်က မျိုးစပါး ပံ့ပိုးပေးတယ်၊ ဒုတိယအကြိမ်က ကွန်ပေါင်းဓာတ်မြေသြဇာ ပံ့ပိုးပေးတယ်၊ အခုတတိယအကြိမ်ကတော့ ငွေကြေး ပံ့ပိုးပေးတာပါ။ နွေနှမ်း၊ မိုးနှမ်း၊ မိုးငရုပ် နွေပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ ဆိုပြီး သီးနှံ ၅ မျိုးအတွက် ပေးပါတယ်။ သီးနှံတွေစိုက်ထားတဲ့ အချိန်ကာလပေါ် မူတည်ပြီး ပံ့ပိုးငွေ တွက်ချက်ပေးတာပါ။ နွေနှမ်းဆိုရင် အသီးသီးချိန်ရောက်ပြီမို့ ပျက်စီး ၁ ဧကကို ၅ သောင်း ပေးပါတယ်။ မိုးငရုပ်နဲ့ဝါကတော့ ပန်းပွင့်ချိန်မို့ ၁ ဧကကို ၁ သောင်း၊ မိုးနှမ်း၊ ပဲတီစိမ်းက အပင်ကြီးချိန်မို့ ၁ ဧကကို ၅ ထောင်ပဲရပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း မိုးရွာတာများပြီး သီးနှံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။ တမြို့နယ်လုံးက ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ တောင်သူ ၆၃၅ ဦးရဲ့ စိုက်ပျိုးဧက ၉၆၇ ဧက ပျက်စီးခဲ့ပါတယ်။ တောင်သူ ကိုထွေးမောင်က "အခုလို တောင်သူတွေကို ဂရုတစိုက် ပံ့ပိုးပေးတာဟာ ပထမဆုံး အတွေ့အကြုံပါပဲ။ အခုရတာနဲ့ဆို ၃ကြိမ် ရှိပါပြီ။ တစိတ်တပိုင်းတော့ အထောက်အကူ ဖြစ်တာပေါ့" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ၂၀၁၈ ခုနှစ် ဇွန်လက သဘာဝဘေးကြောင့် သီးနှံဧက ၉၆၇ ဧက ပျက်စီးရာ ကာလတန်ဖိုး သိန်း ၁ ထောင်ကျော် ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ပံ့ပိုးငွေပေးအပ်တဲ့ အခမ်းအနားကို တောင်သူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး မလာရောက်နိုင်တဲ့ တောင်သူတွေအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကိုယ်စားလက်ခံ ရယူခဲ့ကြပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
More News
Up