သဘာဝဘေးရန်ပုံငွေ

February 23, 2020

မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေ သုံးစွဲမှု ပြန်စိစစ်မည်

မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘာဝဘေးရန်ပုံငွေ သုံးစွဲမှုတွေကို ပြန်လည် စိစစ်သွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။  မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လဆန်းပိုင်းမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လမ်း၊ တံတား၊ နေအိမ် အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။  အခုအခါမှာတော့ အစိုးရအဖွဲ့ဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြည်နယ် ရန်ပုံငွေအပြင် သဘာဝဘေးမှာ နိုင်ငံတဝန်းက လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သန်းပေါင်း ၁၈၀၀ ကျော်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် ရန်ပုံငွေ သုံးစွဲဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ အခုလို အခြေအနေကြောင့် အစိုးရရဲ့ သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးစွဲခဲ့တဲ့ ရန်ပုံငွေတွေကို ပြန်လည်စိစစ်သွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးဇော်ဇော်ထူးက ပြောပါတယ်။ “အချက်အလက် တောင်းခွင့်ရှိတယ်။ သုံးထားတဲ့ ဘီလီယံ ၉ ထောင်ကျော်နဲ့ပတ်သက်ပြီး လူထုတွေအတွက် သုံးထားတဲ့ ငွေပမာဏကိုပဲ ဘယ်ဘတ်ဂျက်ခေါင်းစဉ်အောက်က သုံးထားလဲ၊ ဘယ်လိုတွေ သုံးတာလဲဆိုတာ ပြန်လည်စိစစ်ဖို့တော့ရှိတယ်။” မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ ပညာရေးကဏ္ဍမှာ အများဆုံး အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မလတ်တောင် ပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေကို ကျပ်သိန်း ၁၂၀ ဝန်းကျင်၊ အိမ်ရာ ၂၃ လုံးအတွက် ငွေကျပ် သိန်း ၉၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်ပေးထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ “ပျက်စီးဆုံးရှုံးသွားတာတွေကို အစိုးရအနေနဲ့ ရရှိထားတဲ့ သဘာဝဘေးဒဏ် ရန်ပုံငွေထဲကနေ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးထားပါတယ်။ သိန်း ၁၂၀ လောက် ကုန်တယ်။ အဲဒီနေရာရောက်တဲ့အထိ ရေရယ်၊ လမ်းရယ်၊ မီးတွေကအစ အဆင်သင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ သိန်း ၉ ထောင်ကျော် ပြန်သုံးထားပါတယ်။” မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတော့ အစိုးရအနေနဲ့ သဘာဝဘေးမှာ ရရှိခဲ့တဲ့ အလှူငွေတွေနဲ့ သုံးစွဲဆောင်ရွက်မှုကို ပြည်သူတွေကို ပြန်လည်ချပြသင့်တယ်လို့ အကြုံပြုပါတယ်။ “အစိုးရအဖွဲ့က ကိုယ့်ရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အနေအထားနဲ့ စီမံပေးတဲ့ ကိန်းဂဏန်းပမာဏ၊ တနည်းအားဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ချက်ချင်း ဖြစ်သွားတဲ့ကိစ္စတွေမှာ သွားထောက်ပံ့တာတွေပေါ့။ အဲဒီကိန်းဂဏန်းတွေ အကုန်လုံး လူထုကို ပြန်ချပြသင့်တယ်လို့ ကျနော် ယူဆတယ်။” ဒါ့အပြင် လွှတ်တော်အနေနဲ့ သဘာဝဘေးမှာ အစိုးရအဖွဲ့က သုံးစွဲ ဆောင်ရွက်ခဲ့တဲ့ ရန်ပုံငွေနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို တောင်းဆိုခဲ့ပေမယ့် ယနေ့အချိန်အထိ ပို့ပေးလာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သန်း ၁၂၀၀၀ လောက် ဆုံးရှုံးခဲ့တာပါ။  ဇော်လွင်ထွဋ်
2 years Ago

October 5, 2019

သဘာဝဘေး ရန်ပုံငွေအတွက် နှစ်စဉ် ကျပ်သန်း ၂ သောင်း ဖြည့်စွက်ပေးနေဟု ဒုသမ္မတ ပြော

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေအတွက် နှစ်တိုင်း ကျပ် သန်းပေါင်း ၂ သောင်း ဖြည့်စွက်ပေးနေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အထိမ်းအမှတ်နေ့၊ ၇ ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။ ရာသီဥတုပြောင်းလဲတာနဲ့ ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ မိမိတို့အတွက် အသစ်ဖြစ်လာတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တခုဖြစ်လာနေပြီလို့လည်း ဒု သမ္မတက ပြောပါတယ်။ အခုနှစ်အတွင်း တချို့နိုင်ငံတွေမှာ ရေကြီးတာနဲ့ မိုးခေါင်တာကို တပြိုင်တည်းခံစားကြရပြီး လေ့လာဆန်းစစ်ချက်တွေအရ အာဆီယံဒေသဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ မြေငလျင်ဒဏ်နဲ့ ဆူနာမီ၊ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ရေကြီးတာကို အများဆုံး ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။ ထိခိုက်ဆုံးရှုံးမှုစာရင်းတွေအရ အာဆီယံဒေသဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ ဘေးအန္တရာယ်ပေါင်း ၁,၄၀၀ ကျော် ကြုံတွေ့ခံစားခဲ့ကြရပြီး ဒီထဲမှာ ရေကြီးတာက ၆ ရာခိုင်နှုန်းကျော်၊ လေပြင်းတိုက်ခတ်တာက ၁၈ ရာခိုင်နှုန်း၊ မုန်တိုင်းဒဏ် ၁၃ ရာခိုင်နှုန်းနဲ့ မြေပြိုဘေး ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်က PODUL အပူပိုင်းမုန်တိုင်းကြောင့် လာအိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေး၊ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့တဲ့ရေဘေးနဲ့ မြေပြိုဘေး၊ ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်တာတွေ၊ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့မြေငလျင်နဲ့ ဆူနာမီ၊  တခြားဘေးတွေဟာ အာဆီယံဒေသအတွက် ဘေးအန္တရာယ်တွေရဲ့ ဗဟိုချက် ဖြစ်နေတာကို သက်သေပြနေတယ်လို့ ဆိုပါတယ်။ ရာသီဥတု ပြောင်းလဲတာကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းဖို့ခက်သလို ထိန်းချုပ်ရှောင်လွှဲလို့လည်း မရနိုင်ဘူးလို့ ဒု သမ္မတက ပြောပါတယ်။  ရာသီဥတု ပြောင်းလဲတာနဲ့ ဘေးအန္တရာယ် မကြာခဏဖြစ်တာတွေဟာ အချင်းချင်း ဆက်စပ်နေလို့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသအလိုက် ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးတွေကို အရင်ကထက် ပိုပြီး ကြုံတွေ့လာရတယ်လို့လည်း ပြောပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ပေါင်းစပ် ဆောင်ရွက်ရာမှာ ဘဏ္ဍာငွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်တွေ ရှိနေတာကြောင့် တခါတခါမှာ လုပ်ချင်တဲ့ဆန္ဒအတိုင်း လုပ်မရဖြစ်တတ်လို့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိတဲ့ အကြောင်းအချက်တွေကို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ အလေးထား စဉ်းစား ဆောင်ရွက်နိုင်ရေး နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်နေချိန်မှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး (Disaster Risk Reduction- DRR) လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပေါင်းစပ် လုပ်ပေးနိုင်မယ်ဆိုရင် ဘေးသင့်ဒေသတွေဟာ ဘေးဒဏ်ခံနိုင်ရည် ရှိလာမယ်လို့လည်း ဆိုပါတယ်။
2 years Ago
Up