သဘာဝဘေးကျ

August 14, 2021

တူရကီပင်လယ်နက်ဒေသကို သဘာဝဘေးကျရောက်ရာဒေသအဖြစ် သမ္မတကြေညာ

တူရကီနိုင်ငံမှာ ဒီလအတွင်း ဒုတိယမြောက် သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ ၂၇ ဦး အထိ မြင့်တက်လာပြီးနောက်မှာ သမ္မတ တေယစ်အာဒိုဂန်ဟာ နိုင်ငံရဲ့ ပင်လယ်နက်ဒေသက ရေလွှမ်းမိုးခံရတဲ့ ဒေသတွေကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သြဂုတ် ၁၃ ရက်က ကြေညာလိုက်ပါတယ်။

 သမ္မတ အာဒိုဂန်ဟာ ရေဘေးကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတဲ့ Kastamonu ရှိ ဒေသခံတွေနဲ့ စကားပြောဆိုခဲ့ပါတယ်။ 

Kastamonu မှာ ရေကြီးမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး Sinop မှာ နောက်ထပ် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝဘေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ညွှန်ကြားမှုဦးစီးဌာနက ပြောကြားခဲ့ ပါတယ်။ 

မိုးရေတွေကြောင့် ဒါဇင်နဲ့ချီတဲ့ ကားတွေနဲ့ လမ်းတွေပေါ်ရှိ အမှိုက်တွေ စုပုံ လည်ထွက်နေပြီး တံတားတွေလည်း ပျက်စီးကာ လမ်းတွေလည်း ပိတ်ဆို့ကုန်တဲ့အပြင် ရာနဲ့ချီတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်ကုန်ပါတယ်။

 ရေဘေးသင့်ဒေသတွေက လူပေါင်း ၁၇၀၀ ကျော်ကို ရဟတ်ယာဉ်တွေ၊ လှေတွေရဲ့ အကူအညီနဲ့ နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

တောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ သီတင်းနှစ်ပတ်လောက် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေ ကြေညာပြီးရုံ ရှိချိန်မှာပဲ တူရကီနိုင်ငံရဲ့ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ ရေကြီးမှုတွေဟာ မြောက်ပိုင်းပြည်နယ်တွေကို ပရမ်းပတာ ဖြစ်စေခဲ့ပါတယ်။ 

4 months Ago
Up