သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အာရုံစိုက်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

September 21, 2017

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အာရုံစိုက်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ စက်တင်ဘာ ၁၉ ရက်နေ့က ထိပ်သီးအရာရှိတွေ အစည်းအဝေးခေါ်ယူခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ "ဟာရီကိန်း ဟာဗေး၊ အာမာနဲ့ မာရီယာတွေအပြင် အာရှတောင်ပိုင်းက ရေကြီးမှုတွေဟာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မဖြစ်မနေ အရေးတကြီး အာရုံစိုက် အဖြေရှာရတော့မယ်ဆိုတာကို ပြနေတာပါပဲ။ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေကို ထပ်ပြီးကြုံကြရဦးမှာပါ။ ဒီထက်ပိုပြီး ဆုံးရှုံးပျက်စီးမှုတွေ ကြုံကြရဦးမယ်။ အဲဒီအတွက် နိုင်ငံတော်တော်များများကလည်း ပါရီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးပြီးကြပါပြီ။ ဒါပေမယ့် ဒါဟာမလုံလောက်သေးပါဘူး" လို့ ကုလအတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ လေထုထဲ စွန့်ပစ်ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို လျှော့ချဖို့လိုအပ်နေပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဟာ အထူးသဖြင့် ကျွန်းနိုင်ငံငယ်လေးတွေကို ခြိမ်းခြောက်လျက် ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ "ဒါကို ကာကွယ်တားဆီးဖို့ တချို့ စီးပွားရေးပုံစံတွေကို ပြောင်းပစ်ဖို့လိုနေပါပြီ။ ကျနော်တို့ လုပ်လည်းလုပ်နိုင်တဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်းမှာပဲ သန့်စင်လောင်စာအတွက် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာကုဋေ ၃ သောင်းအထိ ရှိလာပြီး အဆပေါင်း ၆ ဆအထိ တက်လာခဲ့ပါတယ်။ တိုးတက်ပြောင်းလဲလာနေတဲ့ စီးပွားရေးပုံစံအသစ်တွေမှာ အများဆုံး တွေ့မြင်ရပါတယ်။ အမေရိကန်နဲ့ ဥရောပ နေရာတော်တော်များများမှာလည်း နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ်လုပ်မှုကို အကြီးအကျယ် ပြောင်းလဲအသုံးပြုနေကြပါပြီ" လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။ မစ္စတာဂူတာရက်စ်က ဒီနှစ်အစောပိုင်းတုန်းက နယူးယော့ခ်တက္ကသိုလ်မှာ ၂၀၁၉ ခုနှစ်ကျရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးညီလာခံ ကျင်းပမယ့် သူ့ရဲ့စီမံကိန်းကို ဖော်ပြခဲ့ကြောင်း၊ နယ်ပယ်အသီးသီးက သက်ဆိုင်သူတွေကလည်း စွန့်ပစ်ဓာတ်ငွေ့လျှော့ချရေးမှာ ပါဝင်လာကြဖို့လိုကြောင်း ပြောပါတယ်။ "အချိန်တွေ အရမ်းနောက်မကျခင် အခုချိန်မှာ ကျနော်တို့အားလုံး အာရုံစိုက်ရမယ့်ကိစ္စရပ် ၆ ခုရှိပါတယ်။ လေထုညစ်ညမ်းမှုကင်းစင်တဲ့ နည်းပညာသစ်၊ ကာဘွန်ဈေးနှုန်း၊ စွမ်းအင်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေး၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေသူတွေကို အကူအညီပေးရေး၊ ငွေကြေးအရင်းအနှီး အလွယ်တကူ ရွှေ့ပြောင်းသုံးစွဲနိုင်ရေးတို့ ဖြစ်ပါတယ်" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။ ကမ္ဘာကြီးရဲ့ ပူနွေးမှုကို ၂ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက ၂၀၁၅ ခုနှစ်မှာ ပါရီသဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
4 years Ago
Up