သပိတ်မှောက်ခံ ဆီးဂိမ်းဘောလုံးအသင်း

May 10, 2022

သပိတ်မှောက်ခံ ဆီးဂိမ်းဘောလုံးအသင်း ဘယ်အထိရှေ့ဆက်နိုင်မလဲ

အရှေ့တောင်အာရှရဲ့ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲဖြစ်တဲ့ ဆီးဂိမ်းပြိုင်ပွဲကို မေလ ၆ ရက်က စတင်ပြီး ဘောလုံးအားကစားပွဲတွေနဲ့ ယှဉ်ပြိုင်ကစားနေပါတယ်။ ဗီယက်နမ်နိုင်ငံက လက်ခံ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့က အားကစားနည်း ၂ဝ မျိုးမှာ ကစားသမား ၂၉၃ ဦးနဲ့ ဝင်ရောက်ယှဉ်မှာပါ။ အဲဒီအားကစားနည်းတွေထဲမှာ ဘောလုံးပြိုင်ပွဲက မြန်မာတွေရဲ့ သည်းခြေကြိုက်အားကစားဖြစ်တာနဲ့အညီ ဆီးဂိမ်းပြိုင်ပွဲတိုင်းမှာ တနိုင်ငံလုံးက အားပေးကြည့်ရှုလေ့ရှိကြပါတယ်။ 

ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုက အရင်နှစ်တွေနဲ့ မတူတော့ပါဘူး။  အာဏာသိမ်း စစ်ကောင်စီ လက်အောက်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲ ဖြစ်တာကြောင့် ပရိသတ်အများစုက မြန်မာဘောလုံးအသင်းကို သပိတ်မှောက်ဆန့်ကျင်ထားကြပြီး ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေကိုလည်း ဝေဖန်ပြစ်တင်ကြပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ ဆိုကြတဲ့ ပရိသတ်တချို့ကတော့ ရှိနေပြန်ပါတယ်။

မေလ ၈ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ ဆီးဂိမ်းအုပ်စု အဖွင့်ပွဲစဉ်မှာ မြန်မာယူ ၂၃  အသင်းက အရှေ့တီမောအသင်းကို ခက်ခက်ခဲခဲကစားပြီး နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အရင်နှစ် ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ LED ဘုတ်တွေနဲ့ထောင်ပြီး အားပေးကြည့်ရှုကြတဲ့အထိ ပရိသတ်အား ပေးထောက်ခံမှုများခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက ပုံမှန်ထက်နည်းပါးနေပါတယ်။ ပြည်တွင်းရုပ်သံတွေကနေလည်း ထုတ်လွှင့်ပြသခြင်းမရှိတာကြောင့် ကြည့်ရှုလိုတဲ့ ပရိသတ်တွေကတော့  အွန်လိုင်းကနေပဲ ကြည့်ရှုကြပါတယ်။

မြန်မာ ယူ-၂၃ ဆီးဂိမ်းဘောလုံးအသင်းဟာ ပြိုင်ပွဲမတိုင်ခင် ယူအေအီးနိုင်ငံ ဒူဘိုင်းအထိ သွားရောက် လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံကို တိုက်ရိုက်သွားရောက်ခဲ့တယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေထဲ အစောဆုံးရောက်ရှိခဲ့တဲ့ ဘောလုံးအသင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆီးဂိမ်းမှာ အောင်မြင်မှုရဖို့ ငွေကုန်ကြေးကျခံပြီး ပြင်ဆင်ခဲ့တယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ တတိယရခဲ့တဲ့အသင်းက အမာခံကစားသမား ၈ ဦးလောက်ကို ပြန်ခေါ်ခဲ့သလို သက်ကျော်ကစားသမား ၃ ဦး ခေါ်ယူရာမှာလည်း အကောင်းဆုံး ကစားနိုင်မယ့်သူတွေကို ခေါ်ယူအားဖြည့်ခဲ့တာပါ။

ထိုင်းကလပ်ဘူရီယန်အသင်းနဲ့အတူ လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အောင်သူ မပါဝင်ခဲ့တာကလွဲရင် လိဂ်၂ မှာ ချန်ပီယံဖြစ်ခဲ့တဲ့ လမ်ဖွန်အသင်းက တောင်ပံတိုက်စစ်မှူး မောင်မောင်လွင်၊ လိဂ် ၂ ကလပ် ဥုထုံဌာနီက တိုက်စစ်မှူး အောင်ကောင်းမာန်တို့အပါအဝင် မလေးရှားကလပ် ဆီလန်ဂေါမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဟိန်းထက်အောင်ကိုလည်း ခေါ်ယူအားဖြည့်ခဲ့တယ်။

မြန်မာဘောလုံးအမာခံပရိသတ်တစ်ဦးကတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ စစ်ကောင်စီကို မျက်နှာလို မျက်နှာရလုပ်နိုင်ဖို့အတွက် လူစာရင်းကို အကောင်းဆုံးဖွဲ့စည်းထားတာဖြစ်ကြောင်း ဝေဖန်ပါတယ်။

“ထိုင်းမှာ ထွက်ကစားနေတဲ့ စီနီယာတွေကို ပြန်ရွေးထားသလို အသက်မီပါတယ်ဆိုတဲ့သူတွေ ကလည်း သက်ကျော်ကစားသမားက အများစုပါပဲ။ စစ်ကောင်စီကို မျက်နှာလို မျက်နှာရလုပ်ဖို့ အတွက် ဘယ်လိုပဲ သက်ကျော်ကစားသမားတွေ ထည့်ကန်နေနေ ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတွေနဲ အဆင့်တစ်ခု ကွာနေတဲ့အတွက် အများဆုံးအောင်မြင်မှုရလည်း ဆီမီးဖိုင်နယ်ပါပဲ။ ကြေးတံဆိပ်လေးများ ရလာလိုက်ရင်တော့ စစ်ကောင်စီက ဂုဏ်ပြုပွဲလုပ်ပြီး အမှတ်ယူဦးမှာ ဖြစ်သလို သူတို့အသင်းကလည်း ကန်တော့ကြမယ့် အရှက်မရှိတဲ့အသင်းပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်မယ်ဆိုရင် ငွေကျပ် သိန်း၃၀၀၊ ငွေတံ ဆိပ် ရယူနိုင်မယ်ဆိုရင် ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရယူနိုင်မယ်ဆိုရင်ငွေကျပ် သိန်း၁၀၀ ဆုချီး မြှင့်မယ်လို့ ကြေညာထားပါတယ်။

မြန်မာ ယူ-၂၃ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အရှေ့တီမောကို အနိုင်ရခဲ့ပြီးနောက် မေလ ၁၀ ရက်မှာ ဖိလစ်ပိုင်၊ မေလ ၁၃ ရက်မှာ အိမ်ရှင် ဗီယက်နမ်၊ မေလ ၁၆ ရက်မှာ အင်ဒိုနီးရှားအသင်းတွေနဲ့ ဆက်ပြီး ကစားရပါမယ်။

မြန်မာနည်းပြ ဗယ်လစ်ဇာပိုပေါ့ဗ်ကတော့ “ပြိုင်ပွဲတပွဲရဲ့ အဖွင့်ပွဲစဉ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ ဒီပွဲမှာလည်း ပထမပိုင်းမှာ အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရတယ်။ အရှေ့တီမောအသင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပါတယ်။ သူတို့အသင်း အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်သုံးမှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒီပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲစဉ်အတွက် ဆက်လက်ပြင်ဆင်သွားပါမယ်” လို့  တီမောကို အနိုင်ရတဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ တတိယကြေးတံဆိပ်ရခဲ့တယ်။ အခုနှစ် ဆီးဂိမ်းအုပ်စုမှာ ပြီးခဲ့တဲ့ဆီးဂိမ်းမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေတာက  အုပ်စုတက်ဖို့တောင် မလွယ်တော့တဲ့အခြေအနေလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ မြန်မာအားကစား ကလောင်ရှင်တစ်ဦးကတော့ ပရိသတ် အားပေးထောက်ခံမှုနည်းပါးတဲ့ မြန်မာအသင်းဟာ စိတ်ပိုင်းဆိုင်ရာအရပါ အားနည်းချက်တွေ ရှိတယ်လို့ သုံးသပ်ပါတယ်။

“သူတို့ ဘယ်လောက်ပဲကြိုးစား ကန်ကန်၊ အနောက်မှာ ပရိသတ်တွေက ရပ်တည်အားပေးမှု သိပ်မရှိလို့ စိတ်ပိုင်းဆိုင်ရာမှာ တပန်းနိမ့်နေတယ်။ ကစားသမားအများစု ကလိဂ်ပြိုင်ပွဲမကစားရ တာနှစ်ချီနေပြီး ခြေစမ်းပွဲတွေလောက်နဲ့က အကောင်းဆုံးခြေစွမ်းမရနိုင်ဘူး။ ဖိလစ်ပိုင်က လေးဂိုးပြတ်သွင်းခဲ့တဲ့ အရှေ့တီမောလိုအသင်းကိုတောင် အနိုင်ရဖို့နောက်ဆုံးမိနစ် အထိကစားခဲ့ရ တော့ အိမ်ရှင်ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကို ကျော်ပြီးအုပ်စုတက်ဖို့ မလွယ်ပါဘူး” လို့ မြန်မာအသင်း ရဲ့အလားအလာနဲ့ ပတ်သက်ပြီး သုံးသပ်ပါတယ်။

မြန်မာယူ ၂၃ အသင်းအနေနဲ့ မေလ ၁ဝ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ အရေးပါတဲ့ အုပ်စုဒုတိယ ပွဲစဉ် ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကို အနိုင်ရမှသာ အုပ်စုတက်ရောက်နိုင်ရေးမျှော်လင့်ခွင့်ရှိမှာပါ။ ဒါပေမဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတွေနဲ့ ဆက်ကစားရမှာဖြစ်လို့ အုပ်စုအဆင့် ကျော်လွန်နိုင်ဖို့ဆိုရင် အဖွင့်ပွဲစဉ်ကထက် ပိုကောင်းတဲ့ခြေစွမ်းရမှ သာဖြစ်နိုင်ပါလိမ့်မယ်။

မြန်မာဘောလုံးပရိသတ်တွေအကြားမှာတော့ မြန်မာယူ-၂၃ အသင်းအပေါ် ထင်မြင်ချက် အမျိုးမျိုးရှိနေကြပါတယ်။ အောင်မြင်မှုရရှိခဲ့မယ်ဆိုရင်တောင် ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲတွေတုန်းကလို တနိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးချီးမြှောက်ခံရမှုမျိုး ရရှိနိုင်မှာမဟုတ်ဘူးလို့ ဘောလုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

မြန်မာ ယူ-၂၃အသင်း အုပ်ချုပ်/နည်းပြအဖွဲ့

အသင်းအုပ်ချုပ်သူ- ဦးစည်သူဝင်း

နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်

လက်ထောက်နည်းပြ- ဦးဇော်ဝင်းထွန်း

လက်ထောက်နည်းပြ- ဦးအောင်အောင်ထွန်း

ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်

အသင်းဆရာဝန်- ဒေါက်တာဖြိုးမင်းဦး

ကြံခိုင်ရေးနည်းပြ -ဦးထွန်းဇော်

အကြောကျွမ်းကျင်- ဦးသူရတိုး

ဝတ်စုံတာဝန်ခံ- ဦးချမ်းဝေစိုး

မြန်မာယူ ၂၃ အသင်းလူစာရင်း

ဂိုး– ပြည့်ဖြိုးသူ၊ ပြည့်ဖြိုးအောင်။

နောက်တန်း – သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်(သက်ကျော်ကစားသမား)၊ သက်ပိုင်‌ထွေး၊ အောင်ဝဏ္ဏစိုး၊ ရဲလင်းထက်။

ကွင်းလယ်- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ ဟိန်းထက်အောင်။

ရှေ့တန်း- ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မောင်မောင်လွင်(သက်ကျော်ကစားသမား)၊ အောင်ကောင်းမာန်( သက်ကျော်ကစားသမား)။

လင်းဆက်

2 months Ago
Up