သပိတ်စခန်း မီးရှို့ဖျက်ဆီးခံရ

December 22, 2017

မိုးကြိုးပြင်ရွာထိပ် လက်ပံတောင်းတောင် သပိတ်စခန်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ပုသိမ်-မုံရွာ ကားလမ်းဘေး၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဖွင့်ထားတဲ့ ဒေသခံတွေရဲ့ သပိတ်စခန်း ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၁ နာရီအချိန်လောက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မိုးကြိုးပြင်ရွာသား ကိုဝင်းကြိုင်က “မနက်ဖြန် မခင်ဝင်း ကျဆုံးတာ ၃ နှစ်ပြည့် အခမ်းအနားလုပ်ဖို့ လူတွေက အကုန် ရွာထဲ ရောက်နေကြတာ။ အခုအကြိမ်ရောဆို ၅ ကြိမ်ရှိပြီ။ သပိတ်စခန်း ဖျက်ဆီးခံရတာ။ ၁၈ ရက်နေ့ကလည်း တခါ ရှို့သေးတယ်။ အဲဒါတုန်းကတော့ သိလိုက်လို့ နည်းနည်းပဲ လောင်သွားတယ်။ အခုကတော့ ပြာကျမှ သိတော့တာ။ ကုမ္ပဏီ၊ အာဏာပိုင်အဖွဲ့က လုပ်တာပဲ ဖြစ်ရမယ်။ အလံတွေ၊ မိုးကာတွေ ခိုးခံရတာလည်း ခဏ ခဏပဲ”လို့  ဒီဗွီဘီကို ပြောပါတယ်။ မိုးကြိုးပြင် သပိတ်စခန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း ဖောကား ၂ စီး၊ လိုက်ထရပ်ကား တစီးနဲ့ လာရောက်ဖျက်တာတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာသိန်းနိုင်က “သပိတ်စခန်းက ကျောက်တုံးတွေနဲ့ရော ပိတ်ထားတာတွေ ရှိလို့ သွားလာရေးခက်လို့ ကျနော်တို့ဆီရော၊ ထွေအုပ်ရော ခရီးသွားအချို့က လာပြောတာတွေ ရှိတယ်။ လုံထိန်းကတော့ တရားဝင်ဖျက်တာ ၁ ကြိမ်ပဲ ရှိသေးတယ်။ ကျန်တာတွေကတော့ ဘယ်သူတွေ ဖျက်တာလဲ၊ ဘာကြောင့် ဖျက်တာလဲ ဆိုတာကို သိအောင် ဖမ်းပြီး ဒေသခံတွေအနေနဲ့ တရားစွဲတာတွေ လုပ်ဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့က မိုးကြိုးပြင်အလယ်ရွာ ဒေါခင်ဝင်း နေအိမ်မှာ လက်ပံတောင်းတောင်အရေး လုပ်ဆောင်ရင်း သေနတ်ထိမှန် ကျဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၃ နှစ်ပြည့်ပွဲ လုပ်ဆောင်ဖို့လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up