သပိတ်စခန်း

June 6, 2019

ဆူဒန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းကို ဖြိုခွင်းပြီးနောက် သေဆုံးသူ ၆၀ အထိမြင့်တက်

ဆူဒန် ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက် သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်ဟာ အယောက် ၆၀ အထိ မြင့်တက်လာတယ်လို့ အတိုက်အခံနဲ့ ဆက်နွှယ်တဲ့ ဆရာဝန်များအဖွဲ့က ဆိုပါတယ်။ အရင်က စုစုပေါင်းသေဆုံးစာရင်းကို ၃၅ ယောက်ဆိုပြီး ခန့်မှန်းထားတာပါ။ အဲဒီအချိန်ကစပြီး မြို့တော် ခါတွန်နဲ့ ညီအစ်မမြို့ဖြစ်တဲ့ အုမ်ဒရူမန်မှာ လူတွေ ထပ်ပြီး အသတ်ခံရတယ်လို့ ဆရာဝန်များအဖွဲ့က ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့မှာတော့ မြို့တော် ခါတွန်ရှိ ဆေးရုံမှာ ဒဏ်ရာရလူနာတွေ ကုသမှု ခံယူနေပါတယ်။ ၃ နှစ်ကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဘယ်သူဦးဆောင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အမြင်ကွဲလွဲပြီးနောက် အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီနဲ့ အတိုက်အခံတို့အကြား ဆွေးနွေးပွဲတွေ ရုတ်ချည်း ရပ်သွားခဲ့ပါတယ်။ အတိုက်အခံ မဟာမိတ်နဲ့ သဘောတူညီချက်ပျက်ပြီး နောက်တရက် ဇွန်လ ၅ ရက်နေ့မှာတော့ စစ်ဘက်ကောင်စီက တွေ့ဆုံဆွေးနွေးရေး ပြန်လည်စတင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
2 years Ago

June 4, 2019

ဆူဒန်တွင် သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ ၉ ဦးထက်မနည်း သေဆုံး

ဆူဒန်နိုင်ငံ မြို့တော်ခါတွန် မြို့လယ်က သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့က ဝင်စီးခဲ့အပြီး ဇွန်လ ၃ ရက်မှာ လူ ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဆန္ဒပြသူတွေနဲ့ နီးစပ်တဲ့ ဆေးဝါးအဖွဲ့အစည်းတရပ်က ပြောပါတယ်။ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှား နုတ်ထွက်အပြီး အသွင်ကူးပြောင်းရေး အချိန်အတွင်း ဘယ်သူအုပ်ချုပ်မလဲဆိုတာ ဆန္ဒပြသူတွေနဲ့ ဆူဒန်စစ်ကောင်စီတို့အကြား ဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲတွေက မတိုးသာ မဆုတ်သာ ဖြစ်နေတာပါ။ အကြမ်းဖက်ခဲ့တဲ့ည နောက်ပိုင်းမှာ ဆန္ဒပြသူတွေက အရံအတားတွေကို စီစဉ်ရင်း စစ်တပ်ဟာ ပြည်သူကို သစ္စာဖောက်တယ်လို့ စွပ်စွဲပါတယ်။ စစ်တပ်က သမ္မတကို ဖယ်ရှားအပြီး ဧပြီလကစပြီး အသွင်ကူးပြောင်းရေး စစ်ကောင်စီအဖြစ် အာဏာရယူခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံကို အုပ်ချုပ်ဖို့ အစိုးရဖွဲ့စည်းခွင့်ကို စစ်ကောင်စီက ဆန္ဒပြသူတွေကို ပေးပေမယ့် ကြားဖြတ်ကာလအတွင်း အခွင့်အာဏာအားလုံးကို ဆက်ထိန်းထားမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ အသွင်ကူးပြောင်းရေး အချိန်မှာ အရပ်သားတွေပါ ပါဝင် အုပ်ချုပ်စေချင်နေတာပါ။ ခါတွန်မြို့လယ်က ထိုင်သပိတ်စခန်းရဲ့ ဝင်ပေါက်ကို ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက အရံအတားတွေကို မီးရှို့ကြပါတယ်။
2 years Ago
Up