သပိတ်ကျင်းရေကြီးမှု လူသေဆုံး

July 25, 2015

သပိတ်ကျင်းရေကြီးမှု လူသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ရေကြီးမှုမှာ လူနေအိမ်ခြေများ ရေထဲမျောပါပြီး လူ ၈ ယောက်ခန့် ပျောက်ဆုံး၊ နွားကောင်ရေ ၅၀ ကျော် ရေထဲမျောပါ သွားခဲ့ပါတယ်။ သပိတ်ကျင်းမြို့နယ်ထဲရှိ တွင်းငယ်၊ ရှားတော၊ တောင်လယ်၊ ဒေါင်းပုန်းစတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၅ ရက် မနက် ၁ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဇူလိုင် ၂၄ ရက်ညပိုင်း မိုးကြီးရွာသွန်းခဲ့ပြီးတဲ့နောက် ဇူလိုင် ၂၅ ရက်မနက် ၁နာရီခွဲလောက်မှာ ချောင်းရေပြင်းပြင်းထန်ထန်စီးကျခဲ့လို့ လူနဲ့အိမ်တွေ နွားတွေ ရေထဲမျောပါ ပျက်စီးကုန်တာလို့ တွင်းငယ်တိုက်နယ်က ဒေသခံ ဦးမြင့်ဇော်က ပြောပါတယ်။ “တွင်းငယ်တိုက်နယ်က အိမ် ၅ လုံး ချောင်းရေထဲ ပါသွားတယ်။ ၃ လုံးက အိမ်တိုင်ကျွတ်ပြီးတော့ကို ပါသွားတာ။ နောက်တခါ နွားကောင်ရေ ၅၃ ကောင် ခြံထဲကနေ မျောပါသွားတယ်။ နောက် ဒေါင်းပုန်းမှာက အိမ် ၃ လုံး ပါသွားတယ်။ တောင်လယ်ရွာမှာက အိမ်ခြေ ၁၇ လုံး ပျက်စီးတယ်။ လူဦးရေ ၈ ယောက်လောက် သေတယ်လို့ သိရတယ်။ ခုချိန်ထိ ပြန်ရတာက အလောင်း ၄ လောင်း၊ ကျား-၁၊ မ-၃ ကျန်တဲ့သူတွေတော့ ရှာကြတုန်းပေါ့။” နွားအသေ ၅ ကောင် ပြန်ရှာတွေ့ပြီး ၄၇ ကောင် အရှင်ပြန်ရပြီး တကောင်ပျောက်ဆုံးနေတယ် ၊မနလေး-ဗန်းမော်လမ်းပေါ်က မိုင်တိုင်အမှတ် ၂၁-(၀)ရှိ တံတားတစင်းနားရှိ ချဉ်းကပ်လမ်း ပေ၃၀လောက် ပြတ်ကျသွားလို့ ကားလမ်းပိတ်ထားရတယ်လို့လည်း ပြောပါတယ်။ သပိတ်ကျင်းမြို့နယ်အတွင်း မိုးရာသီကာလ မိုးကြီးရင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားလေ့ ရှိပေမယ့် ဒီတကြိမ်ကတော နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမိုးလေ၀သဌာနကလည်း မိုးကြီးပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ မြစ်နားချောင်းနားနေထိုင်သူတွေ သတိထားကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။
6 years Ago
Up