သန်းမင်းထွဋ်

July 1, 2021

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် အမှုရုပ်သိမ်းရန် တရားလိုတင်ပြထား

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် အမှုကို တရားလိုဘက်က ရုတ်သိမ်းဖို့အတွက် တရားရုံးကို တင်ပြထားတယ်လို့ သိရပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို တရားရုံးက စွဲချက်မတင်သေးခင် တရားလို ရဲအရာရှိဘက်က အမှုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် တရားရုံးကို တင်ပြခဲ့တာလို့ ရှေ့နေ အသိုင်းဝိုင်းက ပုသိမ်မြို့နယ်တရားရုံးက အမှုလိုက်ရှေ့နေ့ တဦးက ပြောပါတယ်။

"အမှုက စွဲချက်မတင်ရသေးတဲ့အတွက် တရားရုံးက တရားရှင်လွှတ်လိုက်သည်ဆိုတဲ့ အမိန့်ချတာနဲ့ လွတ်ပါပြီ။ လွတ်ဖို့ကလည်း သေချာပါတယ်။”

ဇွန်လ ၃၀ ရက်နေ့က လွှတ်ပေးတဲ့အထဲမှာ ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ပါဝင်မယ်လို့ ပြောဆိုခဲ့ကြပေမယ့် ပြန်မလွတ်လာသေးတဲ့အပေါ် အရပ်သားတွေကို ဦးစားပေးလွှတ်တာဖြစ်ပြီး ဆရာကြီးက နောက်အသုတ်တွေမှာ ပါလာမယ်လို့ ဆိုပါတယ်။

ပထမအသုတ်အနေနဲ့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးတဲ့အထဲမှာ ပုသိမ်မြို့က တိုင်းဧရာသတင်းထောက် မရွှေရည်ဝင်း၊ ပန်းချီ ဆရာ ဦးသက်နောင်တို့အပါအဝင် ၅၂ ဦး ပြန်လွတ်လာခဲ့ပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို မတ်လ ၁၂ ရက်နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တွေက ဖမ်းဆီးသွားပြီး တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

5 months Ago

April 22, 2021

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို ရုံးထုတ်

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တယ်ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က တရားစွဲဆိုကာ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က ဒေါက်တာ သန်းမင်းထွဋ်ကို ဥပဒေ ၅၀၅-က နဲ့ “အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး ဆရာဝန် ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင် စိုးရိမ်အောင် ပြုလုပ်ခြင်း” စတဲ့ အကြောင်းပြချက်တွေနဲ့ အမှုဖွင့်တိုင်တန်းပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

  မေလ ၅ ရက်နေ့ကို ၅ ​ကြိမ်မြောက်ရုံးချိန် ပြန်ချိန်ဆိုးထားပြီး တရားလို မြို့နယ်ရဲမှူးအပါ ၃ ဦးကို စတင် စစ်ဆေးသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးပေမယ့် ဒေါက်တာသန်းမင်းထွဋ် ကျန်းကျန်းမာမာ ရှိတယ်လို့လည်း သိရပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို မတ် ၁၂ ရက်နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးသွားတာပါ။

8 months Ago
Up