သန့်ရှင်းရေး

June 6, 2019

ဧဝရတ်တောင် သန့်ရှင်းရေးလုပ်သူများ အလောင်း ၄ လောင်းနှင့် အမှိုက် ၁၁ တန် ကောက်ယူရရှိ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို သန့်ရှင်းရေးလုပ်နေတဲ့ နီပေါတောင်တက်သမား တွေဟာ အလောင်းလေးလောင်းနဲ့ ဆယ်စုနှစ်ချီနေတဲ့ အမှိုက်တန်ချိန် ၁၁ တန်ကို စုဆောင်း ကောက်ယူပြီး တောင်ခြေစခန်းဆီ လာနေပြီလို့ နီပေါအစိုးရက ဇွန်လ ၅ ရက်မှာ ပြောပါတယ်။ ဧဝရတ်တောင်ဟာ ပေပေါင်း ၂ သောင်း ၉ ထောင် ၃၅ ပေ မြင့်ပါတယ်။ တောင်စောင်းတလျှောက်မှာ တောင်တက်သမားတွေ ချန်ခဲ့တဲ့ အောက်ဆီဂျင်ဘူးတွေ၊ စုတ်ပြဲနေတဲ့ ရွက်ဖျင်တဲတွေ၊ ကြိုးတွေ၊ လှေကားအကျိုးတွေ၊ သံဘူးနဲ့ ပလတ်စတစ်စတွေ ပြန့်ကျဲနေတယ်လို့ တောင်ပေါ်ကနေ ပြန်လာတဲ့ တောင်တက်သမားတွေက ပြောပါတယ်။ ဧဝရတ်တောင်တက်ခရီးစဉ်ကနေ ဝင်ငွေရနေတဲ့ တိုင်းပြည်အတွက် ရှက်စရာကိစ္စလို့လည်း ပြောပါတယ်။ တောင်စောင်းမှာ သေဆုံးခဲ့တဲ့ တောင်တက်သမား အယောက် ၃၀၀ လောက်ရဲ့ အလောင်းတွေနဲ့ အမှိုက်တွေဟာ ဆောင်းရာသီမှာ နှင်းတွေဖုံးနေပေမယ့် နွေရာသီ နှင်းတွေ အရည်ပျော်ချိန်မှာ လူမြင်ကွင်းကို ရောက်လာပါတယ်။ မေလတုန်းက ဧဝရတ်တောင်စောင်း နီပေါနိုင်ငံဘက်အခြမ်းမှာ တောင်တက်သမား ၉ ယောက် သေဆုံးပြီး တိဘက်အခြမ်းမှာတော့ ၂ ယောက် သေဆုံးလို့ ၂၀၁၅ နောက်ပိုင်း တောင်တက်ရာသီမှာ လူသေမှု အများဆုံး ဖြစ်ခဲ့ပါတယ်။
2 years Ago

November 12, 2018

တောင်အာဖရိက ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မြို့တွင်းလမ်းများကို သန့်ရှင်းရေးလုပ်

တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂျိုဟန်နက်စ်ဘတ်မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကူညီဖို့ ဒေသခံတွေက မြို့တွင်းလမ်းတွေကို သန့်ရှင်းရေးလုပ်နေပါတယ်။ မြို့တွင်းလမ်းတွေကို သန့်ရှင်းရေးလုပ်ပြီး အပြန်အလှန်အနေနဲ့ Global Citizen အဖွဲ့က စီစဉ်တဲ့ နိုင်ငံတကာ ဂီတပွဲတော်အတွက် လက်မှတ်ရရေး အခွင့်အလမ်းပေးဖို့ ခေါင်းဆောင်တွေကို ဂျိုဟန်နက်စ်ဘတ် မြို့ခံတွေက အသနားခံနေတာပါ။ Global Citizen ဟာ ၂၀၃၀ မှာ အလွန်အမင်း ဆင်းရဲမှု အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ နယ်လ်ဆင်မန်ဒဲလားရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် နိုင်ငံတကာ ဂီတပွဲတော်အတွက် လက်မှတ်တွေကို Global Citizen က ပေးနေပါတယ်။ Global Citizen ဟာ သူတို့ရဲ့နည်းလမ်းကို သုံးပြီး ကမ္ဘာ့ခေါင်းဆောင်တွေ ဆင်းရဲမှု တိုက်ဖျက်ရေး မူဝါဒတွေကို ချမှတ်ဖို့ အသနားခံစာပို့တဲ့ လူတွေကို အမှတ်ပေးပါတယ်။ အဲဒီအမှတ်တွေနဲ့ အခမဲ့လက်မှတ်တွေကို ဖလှယ်နိုင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှု ပေးရင်းနဲ့လည်း အခမဲ့လက်မှတ်တွေကို ရနိုင်ပါတယ်။ လက်မှတ်ရဖို့သက်သက်အတွက် မဟုတ်ဘဲ မျိုးဆက်သစ်တွေအတွက် ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ ကိုယ့်ရပ်ကွက်ကို သန့်ရှင်းအောင်လုပ်ဖို့ အတွက်ပါ။ လာပြီး လုပ်အားပေးသူတွေ ပိုတိုးလာနေတယ်လို့ ဂျိုဟန်နက်စ်ဘက် မြို့တော်ဝန် ဟာမန် မာရှာဘာက ပြောပါတယ်။ နိုင်ငံတကာ ဂီတပွဲတော်မှာ ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ ဘီယွန်းစေး၊ အဒ်ရှီရန်၊ ရှဲန်း မဲန်းဒတ်စ်တို့လည်း ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။
2 years Ago
Up