သန်လျင်သဘာဝတရားရိပ်သာ

February 6, 2019

ခိုရာမဲ့ နေဝင်ဘဝများအတွက် ဟိုတဖက်ကမ်းက အလင်းအိမ်

“သင့်ဘဝ၊ သင့်ဥစ္စာ၊ သင့်နေရာ၊ သင့်လုပ်ဆောင်ချက်များသည် အများအတွက်ဖြစ်ပါစေ။” ဆိုတဲ့ စာသားလေးကတော့ သန်လျင်သဘာဝတရားရိပ်သာကို စတင်ထူထောင် ဦးဆောင်ဦးရွက်ပြုနေတဲ့ ဆရာတော် အရှင်ဥတ္တမသာရရဲ့ သြဝါဒ မိန့်မှာချက်တရပ်ပါ။ ဒီစကားရပ်နဲ့အညီ ဆရာတော်ဟာ ရန်ကုန်တဖက်ကမ်းရှိ သန်လျင်ဘုရားကုန်းမှာ သဘာဝ တရားရိပ်သာ ဖွင့်လှစ်လို့ သက်ကြီးဝါကြီး နာမကျန်းဖြစ်နေတဲ့ သံဃာတော်တွေ၊ မယ်သီလရှင်တွေနဲ့ ယောဂီတွေ၊ အိုမင်းမစွမ်းလို့ မိသားစုရဲ့ စွန့်ပစ်ခံ ခိုကိုးရာမဲ့ဘိုးဘွားတွေ အပါအဝင် ဘဝရဲ့ နေဝင်ချိန် နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနေရသူတွေအတွက် တရားဓမ္မနဲ့ အလင်းပြလို့ ကူညီဖေးမ စောင့်ရှောက်ပေးထားပါတယ်။ ‘ကွန်းခိုရာ’ လို့ အမည်ပေးထားတဲ့ အဖြူရောင် ခြောက်ထပ်တိုက် အဆောက်အဦကြီး တခုထဲမှာတော့ သွားနိုင်လာနိုင်သေးတဲ့ ဘိုးဘွားတွေအတွက် အထပ်လိုက် အထပ်လိုက် သီးသန့်ကုတင်တွေနဲ့ နေနိုင်အောင် စီစဉ်ပေးထားပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့ အိပ်ရာထဲ လဲနေသူတွေအတွက်တော့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဝါ၊ စိမ်း၊ နီ၊ ပြာ ဆေးရောင်စုံခြယ်ထားတဲ့ အထပ်မြင့် အဆောက်အဦတခုထဲမှာ နေစရာ စီစဉ်ပေးထားပါတယ်။ အိပ်ရာထဲလဲနေတဲ့ နာမကျန်း အဘိုးအဘွားတွေနဲ့ လူနာတွေအတွက် ကမ္ဘာအရပ်ရပ်က လာရောက်ကြတဲ့ စေတနာရှင် လူငယ်လေးတွေကလည်း အားတက်သရော ကူညီ စောင့်ရှောက်ပေးနေကြပါတယ်။ အထူးသဖြင့် မွန်းလွဲပိုင်းမှာ အဘိုးအဘွားတွေ ရေချိုးသွားချိန်ဆိုရင် ဒီလူငယ်လေးတွေက အဘိုးအဘွားတွေကို လက်တွန်းလှည်းကိုယ်စီနဲ့တင်ကာ တိုက်အမြင့်ကြီးပေါ်ကနေ တိုက်နောက်ဖေး မြေပြင်ပေါ်ရှိတဲ့ ရေချိုးရာနေရာဆီကို အလှည့်ကျ ခေါ်ဆောင်သွားပြီး ကိုယ်လက်သန့်စင် ရေချိုးပေးကြလေ့ ရှိတာပါ။ ဒီထဲက တဦးကတော့ အာရပ်နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူငယ်လေးတဦးဖြစ်ပြီး အွန်လိုင်းပေါ်ကနေ အပေါင်းအသင်းတွေပြောပြလို့ စိတ်ဝင်တစား ရောက်လာတာဖြစ်တဲ့အကြောင်း၊ ဒီရိပ်သာမှာ ခုလို လာရောက်ကူညီ ဆောင်ရွက်ပေးရတာ ဝမ်းသာကြည်နူးမိတဲ့အကြောင်း၊ ဒါပေမယ့် အချိန်သိပ်မရလို့ မကြာခင် နေရပ်ကို ပြန်တော့မှာ ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ အာဖရိကန် လူငယ်လေးတယောက်ကတော့ နာမကျန်းအဘိုးအိုတယောက်ကို ရေချိုးပြီးသွားလို့ အဘိုးအိုကို လက်တွန်းလှည်းပေါ်တင်ကာ ကွန်ကရစ်လမ်းတလျှောက် ပျော်ရွှင်စွာ အော်ဟစ်သီချင်းဆိုရင်း အပြေးကလေး တွန်းတက်သွားပါတယ်။ ဒီရိပ်သာဖွင့်စကတော့ နာမကျန်းဖြစ်နေတဲ့ အဘိုးအဘွားတွေကို ကူညီဖေးမ စောင့်ရှောက်မယ့်သူတွေ မရှိလို့ ဒီအတိုင်းပဲ လက်ခံထားပြီး ကြည့်နေခဲ့ရတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရဖူးတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ခုတော့ ဒီရိပ်သာကြီးမှာ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း လူငယ်လူရွယ်တွေ၊ လုပ်အားကုသိုလ်ယူတွေ အများအပြား ရှိနေပြီဖြစ်ပါတယ်။ ဒီရိပ်သာမှာ အချိန်ပြည့် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မကေခိုင်က “ကျမတို့က ကြုံသမျှ အကုန်လုပ်ပေးတယ်။ ဆရာတော်လုပ်သလိုပေါ့။ ဆရာတော်က သူ့ရဲ့ အိပ်ချိန်တွေကိုလည်း စွန့်ထားတယ်။ စားတဲ့အချိန်တွေကိုလည်း စွန့်ထားတယ်။ ပြီးတော့မှ အကန့်အသတ်မထားဘဲ လုပ်တာပေါ့နော်။ ဆရာတော်က အဲဒီလိုလုပ်သလိုပဲ ကျမတို့ကလည်း ရောက်လာသမျှ တွေ့သမျှလူတွေကို လိုအပ်တဲ့ဟာတွေ အကုန်ကူညီပေးတယ်။ သူရယ်ငါရယ်ဆိုတာ မရှိဘူး။ ဒီမှာက ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်းရှိတယ်။ ဒါပေမယ့် ဓမ္မအပေါ်မှာ အခြေခံရတယ်။ လူတွေက ပရဟိတတွေ အများကြီးလုပ်တယ်။ ဒါပေမယ့် လုပ်ငန်းတွေ ပျက်သွားတယ်။ ဘာလို့ ပျက်သွားလဲဆိုတော့ ဓမ္မအပေါ်မှာ အခြေမခံလို့” လို့ အားတက်သရော ရှင်းပြပါတယ်။ ခုဆိုရင် ဒီရိပ်သာမှာ သူနာပြုတက္ကသိုလ်တွေနဲ့ သူနာပြုသင်တန်းကျောင်းတွေကနေ လုပ်ငန်းအတွေ့အကြုံ ယူနိုင်ဖို့ စေလွှတ်တဲ့ သူနာပြုဆရာမတွေလည်း ဘိုးဘွားတွေကို ကူညီ စောင့်ရှောက်ပေးနေကြပါပြီ။ ဒီထဲက သူနာပြုဆရာမ တဦးကတော့ သူနာပြုတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတာ ဖြစ်တဲ့အကြောင်း၊ ကျောင်းကနေ အသုတ်လိုက်ခွဲပြီး အလုပ်အတွေ့အကြုံယူဖို့ စေလွှတ်ထားတာ ဖြစ်တဲ့အကြောင်း ပြောရင်း နေ့ခင်းနေ့လယ် အဘိုးအဘွားတွေ အိပ်စက်အနားယူနေချိန် ဇလားကြီးနဲ့ထည့်ထားတဲ့ ကာတွန်းစာရွက် ဖြတ်ပိုင်းလေးတွေကို ဖတ်နေတာ တွေ့ရပါတယ်။ ဒီကာတွန်းတွေကို ဘယ်ကရသလဲလို့ မေးကြည့်တော့ အဘိုးအိုတယောက်ရှိရာ ကုတင်ဆီကို ညွှန်ပြပေးပါတယ်။ ကုတင်ပေါ်မှာတော့ အဘိုးအိုတယောက်က သတင်းစာ၊ ဂျာနယ်တွေထဲက ကာတွန်းလေးတွေကို ကတ်ကြေးနဲ့ ဖြတ်ဖြတ်ပြီး ကာတွန်းတွေ စုဆောင်းသိမ်းဆည်းနေလေရဲ့။ ကာတွန်းတွေကြိုက်တာလားလို့ မေးကြည့်တော့ အဘိုးအိုက ခေါင်းညိတ်ပြပါတယ်။ အဘိုးအိုဟာ လေဖြတ်ထားလို့ စကားတော့ သိပ်ပီပီသသ မပြောနိုင်ရှာတော့ပါဘူး။ ကာတွန်းဆွဲတတ်လား ဆွဲပြပါဆိုတော့ ကာတွန်းပုံလေးတပုံ ကြိုးစားပြီး ဆွဲပြပါတယ်။ တကယ်တော့ ဒီအဘိုးအိုဟာ အရင်က ချင်းပြည်နယ်မှာ အထက်တန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဆရာကြီးဦးသန်းအေးပါ။ နိုင်ငံ့ဝန်ထမ်းဟောင်း ဖြစ်ခဲ့ပေမယ့် အသက် ၇၄ နှစ်အရွယ် အိုမင်းမစွမ်း နာမကျန်းတော့တဲ့ အချိန်မှာတော့ သားသမီးတွေကရော နိုင်ငံတော်အစိုးရကပါ စွန့်ပစ်ခံထားရလို့ ဆရာတော်ရဲ့ တရားရိပ်မှာ လာရောက်ခိုလှုံနေရသူပါ။ ငယ်စဉ်အခါက ချမ်းသာကြွယ်ဝတဲ့ ရွှေဆိုင်ပိုင်ရှင် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အသက် ၆၄ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတဦးကတော့ ငယ်စဉ်က လူခြောက်ကလေး မွေးဖွားခဲ့ရာမှာ မစောင့်ရှောက်ထားဘဲ စွန့်ပစ်မိခဲ့လို့ စီးပွားပျက်သွားကာ နောက်ဆုံး ဒီရိပ်သာကို  ရောက်လာတာလို့ သူ့ရဲ့အဖြစ်အပျက်တွေကို စီကာပတ်ကုံး ရှင်းပြနေပါတယ်။ သတင်းသမားတွေက သူ့ရဲ့အကြောင်း စိတ်ဝင်တစား နားထောင်လို့ ကောင်းနေချိန်မှာ ဘေးကုတင်က အဘွားအိုက မျက်ရိပ်ပြပြီး ဒီအမျိုးသမီးကြီးဟာ စိတ်ဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ပြောပြမှ သူ့ပြောပြတဲ့ ဇာတ်လမ်းအပေါ် ယုံရခက် မယုံရခက် အဖြစ်နဲ့ ကြုံခဲ့ရတယ်။ အသက် ၉၃ နှစ်ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး မျက်နှာရွှင်ပြနေတဲ့ အဖွားအို ဒေါ်ရင်ကတော့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် ကျေးရွာလေးတရွာကနေ လာရောက်သူဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေကတော့ လယ်သမားတွေဖြစ်ပြီး ငယ်စဉ်က ရက်ကန်းခတ်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ကာ အိမ်ထောင်မပြုဘဲ အပျိုကြီးအဖြစ် နေထိုင်လာခဲ့ရာက အသက်အရွယ် ရလာတဲ့အခါ ဒီရိပ်သာကို လာရောက်လို့ ဘဝတူ အပေါင်းအဖော်တွေနဲ့ ပျော်ရွှင်စွာ ခိုလှုံနေပါတယ်။ ဒီရိပ်သာလေးမှာ အသက်အရွယ်အကြီးဆုံး အဘွားအိုတွေအတွက်ကတော့ ‘စိန်ပန်းဝါ’ လို့ အမည်ပေးထားတဲ့ သီးသန့် အဆောင်လေးတဆောင်နဲ့ နေရာပေးထားပြီး အသက် ၁၁၁ နှစ်ရှိ အဘွားရွှေနဲ့ အသက် ၁၀၈ နှစ်ရှိ အဘွား ဒေါ်ကျင်အေးတို့ကတော့ ၂၀၁၇ ခုနှစ်က ဒီအဆောင်လေးမှာပဲ ခေါင်းချသွားခဲ့သလို အသက် ၁၀၀ အရွယ် အဘွားမြင့်ဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကမှ ဘဝတပါးသို့ ကူးပြောင်းသွားခဲ့တာပါ။ လက်ရှိ အသက်အကြီးဆုံးက အသက် ၉၅ နှစ်အရွယ်ရှိတဲ့ အဘွားအို ဒေါ်မိမိလေးဖြစ်ပြီး နှာခေါင်းမှာ ပိုက်တပ်၊ လက်မှာ ဆေးသွင်းထားရပြီး အိပ်ရာကုတင်ပေါ်မှာ လဲလျောင်းနေရပါတယ်။ လူအမျိုးမျိုး၊ ဘဝအထွေထွေ ဒီရိပ်သာမှာ လာရောက်ခိုလှုံရင်း ဘဝရဲ့ နေဝင်ချိန်တွေကို ဖြတ်သန်း ခေါင်းချသွားခဲ့ကြသူတွေ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုတာ ကာလအတွင်း  အယောက် ၁၃၀၀ လောက် ရှိနေပြီလို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိ ဒီရိပ်သာမှာ အနယ်နယ်အရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက် ခိုလှုံနေသူပေါင်း အယောက် ၃၀၀၀ ကျော်လောက် ရှိနေပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ဒီရိပ်သာကြီး ပုံမှန်လည်ပတ်နေရတာပါ။ ရိပ်သာအတွက် တနေ့ကို တတင်းခွဲ ဆန်အိတ်ပေါင်း ၁၂ အိတ်လောက် အသုံးပြု ထမင်းချက်ပေးရပြီး ဟင်းအဖြစ်တော့ အလှူရှင်ရှိတဲ့နေ့ကလွဲလို့ ပုံမှန် ချဉ်ပေါင်ဟင်းချက်ပေးရတယ်၊ နေ့စဉ် ကုန်ကျစရိတ်က ဆန်ဖိုး ကျပ် ၄ သိန်းခွဲကျော်နဲ့ ဟင်းဖိုး ကျပ်တသိန်းကျော် စုစုပေါင်း ကျပ်ငါးသိန်းခွဲလောက် ကုန်ကျတယ်လို့ ရိပ်သာရဲ့ စားသောက်ချက်ပြုတ်တာဝန်ခံ ဦးတင်ထွန်းက ပြောပြပါတယ်။ ဒီရိပ်သာမှာ ခိုကိုးရာမဲ့ ဘိုးဘွားတွေအပြင် မိဘမဲ့ကလေးငယ်တွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ၊ စိတ်မကျန်းမာသူတွေ၊ မသန်စွမ်းသူတွေနဲ့ အိမ်မဲ့ယာမဲ့တွေ အဆက်မပြတ် လာရောက်ခိုလှုံနေကြပြီး တရားနာ တရားထိုင်လိုသူတွေအတွက်လည်း သီးသန့်နေရာတွေ ဖန်တီးပေးထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီရိပ်သာ မဖွင့်လှစ်နိုင်ခင်က ဆရာတော်ဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လကစပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက် ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း၊ အိမ်အမှတ် ၄၅၊ ၄ လွှာမှာရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်း နေရာလေးတခုမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ လူအိုလူနာတွေ များပြားလာတဲ့အတွက် အဆင်မပြေတော့ဘဲ ရန်ကုန်တဖက်ကမ်း သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားနဲ့ အရှေ့ပိုင်းတက္ကသိုလ်အကြားရှိ သန်လျင်ဘုရားကုန်းနေရာမှာ ၂၀၀၈ ဇွန်လ ၁၆ ရက်ကစလို့ သန်လျင်သဘာဝရိပ်သာကို စတည်ထောင်ခဲ့ပါတယ်။ ဒီရိပ်သာကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသူတွေနဲ့ မိသားစုတွေဟာ ရိပ်သာရဲ့ အနီးပတ်ဝန်းကျင်မှာ တဲတွေထိုး နေထိုင်ကြရင်း ခုဆိုရင် ကျေးရွာကြီးတရွာလို ဖြစ်လာနေပြီး ၁၅ ပေ စေတနာရွာလို့ အမည်တွင်နေပါပြီ။ စေတနာရွာလေးမှာ နေထိုင်သူတွေဟာ သဘာဝတရားရိပ်သာရဲ့ သားသမီးတွေလို ဖြစ်နေပြီး အိမ်ခြေပေါင်း ၂၀၀၀ ကျော် မိသားစုပေါင်း ၃၀၀၀ ကျော်လောက်ရဲ့ ဘဝတွေ အသက်ရှင်သန်နေထိုင်ရာ နေရာလေးတခု ဖြစ်လို့နေပါပြီ။ ဒါပေမယ့် ဒီရိပ်သာရပ်ဝန်းထဲမှာတော့ အလည်လာသူတွေကို ချဉ်းကပ် ငွေလိုက်လံတောင်းခံနေသူတွေရဲ့ ပြဿနာ၊ စားသောက်ဆောင်က မကျေလည်တဲ့အသံတွေ ကြားခဲ့ရသလို စေတနာရွာလေးမှာလည်း သန့်ရှင်းတဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ၊ မီးဘေးအန္တရာယ်နဲ့ လူမှုရေး ပြဿနာပေါင်းစုံကတော့ ရှိနေဆဲပါ။ ဆရာတော်ကတော့ ဒီရိပ်သာရဲ့ အခက်ခဲဆုံး အကြမ်းတမ်းဆုံး နေ့ရက်တွေကို ကုန်လွန်ဖြတ်သန်းခဲ့ပြီးပြီမို့ နိုင်ငံတဝန်းက နေစရာနေရာမရှိတဲ့ အိုးမဲ့အိမ်မဲ့တွေအတွက်လည်း အလားတူ စေတနာရွာတွေ တည်ထောင်ပေးနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါ့အပြင် သန်လျင်သဘာဝရိပ်သာပိုင်မြေထဲမှာပဲ အဆင့်မြင့် အထပ်မြင့် ရိပ်သာ အဆောင်သစ်တွေ ထပ်ဆောက်ဖို့၊ တရားကျင့်ကြံလိုသူတွေအတွက် သီးသန့် တရားရိပ်သာ ဆောက်လုပ်ဖို့၊ နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျ ဘုရားရှင်ကို ရည်မှန်းပူဇော်တဲ့အနေနဲ့ ဉာဏ်တော် ၁၅ ပေရှိ လောကဝိဒူ ကျောက်ဆင်းတု ရုပ်ပွားတော်ကြီးနဲ့ စေတီတော်တွေအပြင် ၁၆ ထပ် တရားဆေးရုံ၊ ၁၂ ထပ် ဘက်စုံပညာရေးအဆောင်၊ မိခင်နှင့်ကလေး  လူမှုကူညီရေးအဆောင်နဲ့ ယောဂီအိမ်ယာတွေ၊ ပန်းခြံ၊ Green House စိုက်ခင်းနဲ့ အားကစားကွင်းတွေ ဆောက်ဖို့လည်း စီမံကိန်းချပြီး ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ခုဆိုရင် ဒီရိပ်သာဝန်းထဲမှာ Aquaponics လို့ခေါ်တဲ့ ရေနေသတ္တဝါ မွေးမြူရေးလုပ်ငန်းနဲ့ စားပင်သီးပင်တွေ တွဲဖက် မွေးမြူစိုက်ပျိုးတဲ့ နည်းစနစ်ကို အသုံးပြုပြီး သီးနှံတွေ စိုက်ပျိုးထားတဲ့ အော်ဂဲနစ်စိုက်ခင်းတခုလည်း ရှိနေပါပြီ။ ဒီစိုက်ခင်းမှာတော့ ငါးပြေမတွေကို ဖိုက်ဘာရေကန်တွေနဲ့ မွေးမြူထားပြီး ဒီကနေ ထွက်လာတဲ့ ဇီဝဓာတ်ငွေ့တွေနဲ့ သီးနှံပင်တွေ စိုက်ပျိုးထားတာ တွေ့ရသလို အော်ဂဲနစ်နည်းနဲ့ မှိုတွေစိုက်ပျိုးထားတာလည်း ရှိပါတယ်။ ဒီလို သိပ္ပံနည်းကျ စိုက်ပျိုးရေး နည်းပညာတွေကို သင်ကြားပေးတဲ့ သင်တန်းကိုလည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖွင့်လှစ်ခဲ့ပြီး ဒေသအနှံ့အပြားက သင်တန်းသား ၄၆ ဦးအတွက် ဒီရိပ်သာမှာ ပထမဆုံးအကြိမ် သီတင်းငါးပတ်ကြာ သင်ကြားပေးခဲ့ပါတယ်။ ဒီစိုက်ခင်းကို တာဝန်ယူ လုပ်ကိုင်နေသူတွေထဲက တဦးကတော့ ဒေါ်ဧပရယ်ပါ။ သူဟာ တချိန်က မီးမီးသုခ အမည်နဲ့ ဗွီဒီယိုသရုပ်ဆောင်တဦး ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ ဒီရိပ်သာကို ရောက်လာချိန်မှာတော့ ဆရာတော်ရဲ့ တရားဓမ္မ အဆုံးအမတွေကြောင့် အလင်းရောင်ရပြီး ဘဝသစ်တခု၊ အနာဂတ်လမ်းသစ်တခုကို ဖောက်လို့ အော်ဂဲနစ်စိုက်ခင်းလေးတွေ အကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကူညီ ပျိုးထောင်ပေးသူ ဖြစ်လို့နေပါပြီ။ “ကျမ အနုပညာကို ရူးနေအောင် ဝါသနာပါခဲ့တယ်။ ကျမ သရုပ်ဆောင်လုပ်ခဲ့တဲ့အတွက် အနုပညာကလွဲပြီး ဘာမှမသိခဲ့ဘူး။ ဒါပေမယ့် ဆရာတော့်ဆီ ရောက်တဲ့အခါကျတော့  တသက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့ ဆရာတော်က ပြောတယ်။ နောက်တော့ ရေပေါ်စိုက်ပျိုးနည်းကို သင်ကြားခွင့်ရခဲ့ပြီးတော့ ဆရာတော်က ကျမဘဝကို ဒုတိယအကြိမ် ပြန်လည်မွေးဖွားပေးခဲ့တယ်” လို့ ဒေါ်ဧပရယ်က သူ့ရဲ့ ဘဝသစ်ကို ပြောပြပါတယ်။ ဒီစိုက်ခင်းကနေ ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ စိုက်ခင်းကထွက်တဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို ရိပ်သာအတွက် အသုံးပြုဖို့နဲ့ ဒီနည်းပညာတွေကို မြန်မာပြည် ဒေသအရပ်ရပ်ကို ပျံ့နှံ့သွားစေဖို့အထိ ရည်မှန်းထားတယ်လို့ ဒီရိပ်သာမှာ Green House စီမံကိန်းလေး ဖြစ်လာအောင် ကြိုးပမ်းနေကြသူတွေက ပြောပါတယ်။ လက်ရှိ မြန်မာပြည်တွင်းမှာသာမက ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် ပြည်ပနိုင်ငံတွေမှာလည်း သဘာဝတရားရိပ်သာတွေ တိုးချဲ့ဖွင့်လှစ်နေသလို မြန်မာပြည်အရပ်ရပ်က လိုအပ်နေတဲ့ တရားရိပ်သာတွေ၊ စာသင်တိုက်တွေ၊ စေတနာရွာတွေ၊ ဘကစာသင်ကျောင်းတွေ တိရစ္ဆာန်ဘေးမဲ့တောတွေ၊ စာကြည့်တိုက်တွေလည်း ဆောက်လုပ်တည်ထောင်ထားပါတယ်။ သဘာဝတရားရိပ်သာဟာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ လူတန်းစားမရွေး၊ ကျားမ အသက်အရွယ် ကန့်သတ်ခွဲခြားခြင်းမရှိဘဲ အကူအညီလိုအပ်လို့ ရောက်လာတဲ့ လူသားတိုင်းကို နွေးထွေးစွာ အချိန်မရွေး ကြိုဆိုနေတယ်လို့ ဆရာတော် အရှင်ဥတ္တမသာရက မိန့်ပါတယ်။ “တကယ့်ကောင်းမှုကုသိုလ်တွေ လွတ်လွတ်လပ်လပ် လုပ်လို့ရအောင်၊ လွတ်လွတ်လပ်လပ် သေလို့ရအောင်၊ လွတ်လွတ်လပ်လပ် နေလို့ရအောင် ဒီနေရာကိုရွေးတာ။ တကယ်တမ်းကျတော့ သေစရာနေရာမရှိဘူး။ သေစရာနေရာ တော်တော့်ကို လိုအပ်တယ်။ ဆေးရုံကလည်း သေဖို့ကောင်းတဲ့နေရာ မဟုတ်ဘူး။ သင်္ချိုင်းကလည်း သေဖို့ကောင်းတဲ့နေရာ မဟုတ်ဘူး။ ဒီလို တရားရိပ်သာက သေလို့လည်းကောင်းတယ်။ နေလို့လည်းကောင်းတယ်။ ဘုရား၊ တရား၊ သံဃာ အရိပ်နဲ့ဆိုတော့ အဲလိုနေရာတွေကလည်း တကယ်လိုအပ်တယ်” လို့ ဆရာတော်က မိန့်ပါတယ်။ ဆရာတော်မိန့်ကြားတဲ့ ဒဿနအတိုင်း စွန့်တတ်မှ လွတ်လပ်တာအစစ်ဖြစ်မယ်။ သင့်အတွက်၊ အများအတွက် လောကအတွက် လောကမှ လွန်မြောက်ဖို့အတွက် သဘာဝတရားရိပ်သာနဲ့ ကုသိုလ်ဘဏ်တွေမှာ ကုသိုလ်ယူပါ၊ အကူအညီပေးပါ၊ အကူအညီယူပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ ပီတာအောင်
2 years Ago
Up