ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးသတ်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တရားခံ ဦးတင်မြင့်ကို ရန်ကုန် သန်လျင်မြို့နယ်တရားရုံးက ဒီဇင်ဘာ ၄ ရက်မှာ သေဒဏ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
သန်လျင်ရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်မောင်မောင်သန်းက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁ခ) အရ သေဒဏ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအားနာကျင်စေမှု) အရ ထောင်ဒဏ် ၃ နှစ်၊ အဲဒီပြစ်ဒဏ်နှစ်ခုကို သီးခြားစီချလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) မှာ မည်သူမဆို တသက်တကျွန်းဒဏ် စီရင်ခံရသည့်အတွင်း သို့မဟုတ် တင်ကူးကြံရွယ်ချက်ဖြင့် သို့မဟုတ် ၇ နှစ်ထိ ထောင်ဒဏ်ခံ ထိုက်တဲ့ ပြစ်မှုကျူးလွန်နေစဉ် လူသတ်မှု ထပ်ကျူးလွန်ပါက သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။
ဓားထိုးမှုကြောင့် ၀ရမ်းပြေးအဖြစ် ပုန်းရှောင်နေတဲ့ တရားခံပြေး ဦးတင်မြင့်ကို ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝအလှ တည်းခိုခန်းမှာ သွားရောက်ဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ထိုးခဲ့လို့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ ၂ ဦးစလုံး သေဆုံးခဲ့တာပါ။
တရားခံပြေး ဦးတင်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင် ၁၀ နှစ် ကျခံခဲ့ရပြီးနောက် သမ္မတရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ဖြစ်ပါတယ်။
7 years Ago