သန်လျင်တံတား ဖြတ်သန်းခ

November 24, 2016

သန်လျင်တံတား ဖြတ်သန်းခကောက်ခံမှု ဖြေလျှော့ပေးရန် အစီအစဉ်မရှိ

ရန်ကုန်-သန်လျင်တံတား ယာဉ်ဖြတ်သန်းခ ကောက်ခံမှုကို ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ နှစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ သန်လျင်တံတား ယာဉ်ဖြတ်သန်းခ ကောက်ခံမှုကို ဖြေလျှော့ပေးဖို့ အစီအစဉ်ရှိ၊ မရှိ နိုဝင်ဘာ ၂၂ ရက်က အမျိုးသားလွှတ်တော်မှာ မေးမြန်းချက်ကို ဝန်ကြီးက ဖြေကြားသွားတာပါ။ မြန်မာ့မီးရထားအနေနဲ့ ခရီးသည်(လူစီး) ဝင်ငွေ၊ ကုန်ဝင်ငွေတွေကနေ ဝင်ငွေနှစ်ဆ ကျဆင်းနေလို့ သန်လျင်တံတားအသုံးပြုခ ကောက်ခံတဲ့လုပ်ငန်း ငှားတာကို ရပ်လိုက်ရင် ဝင်ငွေပိုမိုကျဆင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ပိုဖြစ်လာမယ်လို့ ဝန်ကြီး ဦးသန့်စင်မောင်က ဆိုပါတယ်။ "သန်လျင်တံတား အသုံးပြုခကောက်တဲ့လုပ်ငန်းဟာ မြန်မာ့မီးရထား ဝင်ငွေရရှိဖို့ တဖက်တလမ်းက အထောက်အကူပြုနေတာ၊ လုပ်ငန်းရှင်နဲ့လည်း နှစ်ဘက်သဘောတူ ကတိစာချုပ်ချုပ်ပြီး လုပ်ငန်းဆောင်ရွက်နေတာကြောင့် လုပ်ငန်းရပ်ဆိုင်းမယ်ဆိုရင် ဝင်ငွေ ထပ်မံလျော့နည်းတဲ့ ပြဿနာတွေ ဖြစ်လာနိုင်သလို တံတားရေရှည် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တာတွေကြောင့် သန်လျင်တံတားဖြတ်သန်းခ ကောက်ခံတာကို ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။" မြန်မာ့မီးရထားပိုင် သန်လျင်တံတားအသုံးပြုခ ကောက်ခံတဲ့လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ၂၀၁၆ ခုနှစ် ဧပြီကနေ ၂၀၁၉ ခုနှစ် မတ်လအထိ သုံးနှစ်သက်တမ်းလုပ်ကိုင်ဖို့ တင်ဒါခေါ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up