သနပ်ခါးတိုက်ပွဲ

February 25, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွှေဘိုသနပ်ခါးအသင်းက ပြည်သူနှင့်အတူ သနပ်ခါးတိုက်ပွဲဆင်နွှဲ‌

စစ်ကိုင်းတိုင်း ရွှေဘိုမြိုနယ်က သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက  စစ်အာဏာရှင် ဆန့်ကျင်တဲ့အနေနဲ့ သနပ်ခါးတိုက်ပွဲကို ဒီနေ့မနက်ပိုင်းက ဆင်နွှဲခဲ့ကြပါတယ်။

တပိုတွဲလပြည့်နေ့ကို သနပ်ခါးနေ့အဖြစ် နှစ်စဥ်ကျင်းပခဲ့ပေမဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေဲ့ အခုနှစ်မှာ သနပ်ခါးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ကို ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ရွှေဘိုသနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်ရဲနိုင်က ပြောပါတယ်။

“သနပ်ခါးနေ့က ဖေဖော်ဝါရီ ၂၆ ရက်မှာကျရောက်တာ။ စစ်အစိုးကိုဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်တာပါ။ မနက်ဖြန်မှာ ကျနော်တို့ ဘာပွဲမှ မလုပ်ဘူး၊ အမေစုပြန်လာမှ သနပ်ခါးနေ့ကို ကျင်းပတော့မယ်။”

ရွှေဘိုသနပ်ခါးအသင်းက ရွှေဘိုမြို့မစျေးရှေ့မှာ ဆန္ဒပြပြည်သူများ လိမ်းနိုင်ဖို့ သနပ်ခါးတွေ သွေးထားပြီး ပြည်သူလူထုနဲ့အတူ CDM ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ချိုသဲကြည်

2 years Ago

ပဲခူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သနပ်ခါးတိုက်ပွဲ​ဆင်နွှဲ

စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးမြို့က အထွေထွေသပိတ်ဆင်နွှဲသူတွေဟာ ဒီနေ့မနက်ပိုင်းက စစ်ကြောင်းမထွက်ခွာမီ သနပ်ခါးလိမ်းပြီး သနပ်ခါးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

စစ်အာဏာရှင်ဖြုတ်ချရေးအထွေထွေသပိတ်မှာ ဗကသ၊ တကသ၊ ကျောင်းသားကျောင်းသားတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ ဝန်ထမ်းပေါင်းစုံသမဂ္ဂအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပြီး ရွှေမော်ဓောကားရပ်နားဝင်းကနေ ကျောက်တွင်းကုန်းမီးပွိုင့်ကနေတဆင့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပဲခူးကုတင် ၅၀၀ ဆေးရုံနားမှာ နာရီဝက်လောက် ထိုင်သပိတ်ပြုလုပ်ပြီး နောက် သနပ္ပင်လမ်းကနေတဆင့်ပြန်လာပြီး ရွှေမေည်ဓောဘုရားအနောက်ဘက်မုခ်မှာ လူစုခွဲခဲ့ကြပါတယ်။

ရွှေမော်ဓောဘုရားလမ်းမှာတော့ ထိုင်သပိတ်ပြုလုပ်တဲ့ အဖွဲ့တွေက အစုလိုက် တေးသီချင်းသီဆိုခဲ့ကြတယ်လို့ သိရပါတယ်။

2 years Ago

ဖြူးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း သနပ်ခါးတိုက်ပွဲပြုလုပ်

ဖြူးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဒီနေ့ သနပ်ခါးတိုက်ပွဲအဖြစ်  သနပ်ခါးလိမ်းပြီး ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။

မြို့နယ်အတွင်းရှိ မြို့အားလုံးမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြပြီး ကညွတ်ကွင်းမြို့ ပြည်သူတွေကတော့ ဒီနေ့ကားတွေနဲ့ လှည့်လည်ဆန္ဒပြနေတာပါ။

သေနတ်တွေကို ပြည်သူတွေက ခါးသီးနေပြီးဖြစ်တာကြောင့် ဒီနေ့ကို သနပ်ခါးနေ့ အဖြစ်သတ်မှတ်ပြီး သနပ်ခါးလိမ်း ဆန္ဒပြနေတာဖြစ်သလို မြို့နယ်အတွင်းက ပြည်သူအားလုံးဟာ ငြိမ်းချမ်းမှုကို လိုလားကြောင်းနဲ့ အကြမ်းဖက်မှုကိုလည်း လုပ်ဆောင်မှာမဟုတ်သလို အကြမ်းဖက်မှု လုပ်ဆောင်သူတွေကိုလည်း ပြည်သူအားနဲ့ ဖော်ထုတ်သွားမယ်လို့ ဆန္ဒပြသူ တဦးက​ ပြောပါတယ်။

ကျော်အောင်

2 years Ago
Up