သထုံမြို့နယ်တွင်

August 25, 2017

သထုံမြို့နယ်တွင် ငါးချဉ်စားမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်

မွန်ပြည်နယ် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ သြဂုတ် ၂၅ ရက်နေ့၊ မနက် ၉ နာရီက ကျေးရွာထဲကို လာရောင်းတဲ့ ငါးချဉ်အား ဝယ်ယူစားသုံးမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ပိန္နဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းဦးက “ရွာသားတွေက ရွာမှာလာရောင်းတဲ့ ငါးချဉ်သည်ဆီကနေ ဝယ်စားကြတာ။ ဝယ်စားတဲ့သူတွေ အားလုံးကဖြစ်နေကြတာ။ ခုလောလောဆယ် အနေထားအရတော့ လူနာအချို့ကတော့ သက်သာနေပြီ။ နဂိုကတည်းက ကိုယ်ခံအားမကောင်းလို့ နေမကောင်းတဲ့သူကိုတော့ စိတ်ချရအောင် ဆေးရုံကို လွှဲပို့ထားတယ်” လို့ ပြောပါတယ်။ အစာအဆိပ်သင့်မှုကြောင့် ကျား ၇ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၁၇ ဦးမှာအော့အန်ခြင်း၊ ဝမ်းသွားခြင်းတွေ ဖြစ်ပေါ်နေလို့ ပိန္နဲတောကျေးရွာဆေးပေးခန်းမှာ ကုသပေးနေပြီး လူနာတဦးအား သိမ်ဆိပ်တိုက်နယ်ဆေးရုံကို တင်ပို့ကာ ဆေးကုသမှုတွေ ပြုလုပ်ဆောင်ရွက် နေပါတယ်။ "အစာအဆိပ့်သင့်တာက ငါးချဉ်ဝယ်စားတဲ့သူတွေဖြစ်ကြတာ။ ခုတော့ အားလုံး သက်သာနေပါပြီ။ လူနာတွေဆီက ထွက်တဲ့ အန်ဖတ်နဲ့ ငါးချဉ်နမူနာကို ယူပြီးတော့ အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထားပါတယ်'' လို့ သထုံခရိုင် ဆေးရုံအုပ် ဒေါက်တာသင်းသင်းအိက ဒီဗွီဘီကို ပြောပါတယ်။ အစာအဆိပ်သင့်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေ၊ ကျေးရွာနေပြည်သူတွေ ပူးပေါင်းဆောင်ရွက်နေပြီး ကျေးရွာအတွင်း နောက်ထပ်အစာအဆိပ်သင့် လူနာရှိ/မရှိ စစ်ဆေးဆောင်ရွက်နေကြပါတယ်။ သတင်း=ယူမင်းစိုး
4 years Ago

April 26, 2017

သထုံမြို့နယ်တွင် စိတ်ကြွဆေးပြား ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းက WY စိတ်ကြွဆေးပြား ၄၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံမှုခင်း အကူဌာနက ပြောပါတယ်။ “အခု ဖမ်းဆီးရမိတဲ့သူက ဆေးပြား ၂၀၀၀ မိတဲ့ ကွင်းဆက်တရားခံပါ။ အရင်လူကို စစ်ဆေးချက်အရ ဆေးပို့ပေးတဲ့သူကို ငွေပို့ပေးပြီး ဖုန်းနဲ့ချိတ်ပြီး ဆေးပြား လာပို့ခိုင်းတာပါ။ သူတို့ လာပို့တာကို သတင်းရလို့ ကားလမ်းကနေ စောင့်ဖမ်းတာပါ” လို့ သထုံခရိုင် မှုခင်းအကူဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ သထုံခရိုင် မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် စောင့်ဆိုင်းနေချိန် ယာဉ်အမှတ် DD/3068၊ Probox အဖြူရောင်ယာဉ်ကို စစ်ဆေးရာ ဝင်းထွဋ် မောင်းနှင်လာတဲ့ ယာဉ်ပေါ်က အောင်သန်းထွဋ်နဲ့ သူ့ရဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင်ခိုင်လေးတို့ကို ရှာဖွေစစ်ဆေးရာမှာ အောင်သန်းထွဋ် လွယ်ထားတဲ့ အနက်ရောင် ဘေးလွယ်အိတ်အတွင်းက အပြာရောင် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀ ပြားနဲ့ အစိမ်းရောင် အပြား ၄၀၊ စုစုပေါင်း ဆေးပြား ၄၀၀၀ ပြား၊ အလေးချိန် ၄၀၀ ဒသမ ၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၆,၀၀၀,၀၀၀ ကျပ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်သန်းထွဋ်ကို စစ်ဆေးရာ လွန်ခဲ့တဲ့ ၂ လလောက်က ရှမ်းပြည်နယ်၊ သီပေါမြို့နေ မနန်းခင်မြတ်မွန်ဆီက ရောင်းချရန်ပေးထာတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။ သထုံမြို့မရဲစခန်းက စိတ်ကြွဆေးပြားတွေ ဖြန့်ဖြူးရောင်းချတဲ့ အောင်သန်းထွဋ်၊ ဝင်းထွဋ်၊ ဒေါ်ခိုင်ခိုင်လေး၊ မနန်းခင်မြတ်မွန်တို့ ၄ ဦးကို မူးစိတ်ပြောင်း ပုဒ်မ- ၁၅/ ၁၉ (က)/ ၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up