သထုံမြို့တွင်

October 27, 2017

သထုံမြို့တွင် မိုးရွာသွန်းမှုကြောင့် စပါးရိတ်သိမ်းရန် တောင်သူများ အခက်ကြုံ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာတွေမှာ မိုးအဆက်မပြတ်ရွာနေလို့ စပါးရိတ်သိမ်းချိန် ဒေသခံတောင်သူတွေ အခက်ကြုံနေတယ်လို့ သိရပါတယ်။ သထုံမြို့နယ်၊ ကျုံပါကျေးရွာက တောင်သူ ဦးစောအောင်ဝင်းလှိုင်က “ရာသီဥတုက ပြောင်းလဲလာတော့ အခက်အခဲဖြစ်ရတာပေါ့။ စပါးတွေ အပွင့်လှမ်း ဝတ်မှုံကူးတဲ့အချိန် မိုးရွာလိုက်တော့ စပါးအဖျင်း များသွားတာပေါ့။ နောက်ဆိုရင် ကိုယ့်ဒေသနဲ့ကိုက်ညီမယ့် စပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုးဖို့ လိုနေပြီ။ အဲဒါမှ မိုးထဲရေထဲမှာလည်း မရိတ်ရတော့သလို အပျက်အစီးလည်း နည်းတာပေါ့” လို့ ပြောပါတယ်။ အခုနှစ် အောက်တိုဘာ ပထမပတ်ကစတင်ပြီး လကုန်ပိုင်းအထိ မိုးတွေ အဆက်မပြတ် ရွာသွန်းနေလို့ ကောက်စောစပါးတွေ ရိတ်သိမ်းဖို့အတွက် လယ်ကွက်ထဲက ရေတွေ ဖောက်ထုတ်နေရပြီး ရေခန်းတာနဲ့ စက်အား လူအားနဲ့ အလျှင်အမြန် ရိတ်သိမ်းသွားဖို့ စီစဉ်နေကြပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောခင်ကျော်မြင့်က “တောင်သူတွေအနေနဲ့ မောင်းညိုချိန်မှာ ရိတ်သိမ်းနိုင်ဖို့ လိုပါမယ်။ အချိန်လွန်မှ ရိတ်သိမ်းရင်တော့ အလေအလွင့်က များနိုင်ပါတယ်။ အရင်ဆုံး လယ်ကွက်ထဲကရေကို ဖောက်ထုတ်ပြီး တလင်းပျောက်စနစ်ဖြစ်တဲ့ ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းနိုင်ဖို့အတွက် ချိတ်ဆက်ပေးလျက်ရှိပါတယ်” လို့ ပြောပါတယ်။ တောင်သူတွေအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ညီတဲ့ သီးနှံပုံစံတွေကို ပြောင်းလဲစိုက်ပျိုးနိုင်စေဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ သီးနှံတွေ ရရှိဖို့အတွက် ဓာတ်မြေသြဇာနဲ့ ရွက်ဖျန်းဆေးတွေကို အလွန်အကျွံ မသုံးကြဖို့နဲ့ သမားရိုးကျ သဘာဝမြေသြဇာတွေကို ပြုလုပ်သုံးစွဲကြဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် တောင်သူအသိပညာပေး လုပ်ငန်းတွေကို မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ နေရာ ၈၉ ခုမှာ ကွင်းဆင်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ ဦးစောခင်ကျော်မြင့်က ဆိုပါတယ်။ သထုံမြို့နယ်အတွင်းရှိ တောင်သူတွေအနေဖြင့် မိုးစပါး အချိန်မီရိတ်သိမ်းနိုင်ရေး၊ ဆောင်းသီးနှံတွေ အချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်နေရပြီး ၂၀၁၇ ခုနှစ် သထုံမြို့နယ်အတွင်း မိုးစပါး ၁၃၁၄၁၆ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago

August 19, 2017

သထုံမြို့တွင် ကျေးရွာစီမံကိန်းအတွက် မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့၊ သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမမှာ သြဂုတ်လ ၁၈ ရက်နေ့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ သထုံမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းရရှိတဲ့ ကျေးရွာ ၄ ရွာကို စီမံကိန်းလုပ်ငန်း အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ရန်ပုံငွေတွေ လွဲပြောင်းပေးအပ်ခဲ့ကြပါတယ်။ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက “တနိုင်တပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်း များအတွက် လိုအပ်တဲ့ အရင်းအနှီးအထောက်အပံ့ ဖြစ်စေပြီး မိသားစု ၀င်ငွေတိုးပွားကာ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အတိုးနှုန်းသက်သာတဲ့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ပေးရခြင်းဖြစ်တယ်” လို့ပြောပါတယ်။ မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ပေးရာမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီနဲ့  မြစိမ်းရောင်ဘဏ္ဍာရေး ဆပ်ကော်မတီတွေကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေများမှရရှိလာတဲ့ အတိုးများကို စုဆောင်းသိမ်းဆည်းကာ သုံးနှစ်ပြည့်ပါက ကျေးရွာကော်မတီရဲ့ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အတိုးငွေတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ “ကျနော်တို့က ဒီငွေကို မျှော်လင့်နေတာကြာပြီ။ အတိုးနှုန်းသက်သာလို့ ဒီကရတဲ့ငွေနဲ့ ကိုယ်လုပ်ချင်တဲ့ တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နိုင်တော့မယ်။ ဒါပေမယ့် ကိုယ်က ကော်မတီဝင်တဦး ဖြစ်နေတော့ ငွေကလည်းများတော့ ယူတဲ့သူတွေ အချိန်တန် ပြန်မဆပ်ကြမှာဘဲစိုးရိမ်မိတယ်” လို့ သထုံမြို့နယ် စခန်းကြီးကျေးရွာက ဦးလှဖေကပြောပါတယ်။ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲမှာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက သထုံမြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ခွင့်ရတဲ့ ၀င်းဖုန်း၊ စခန်းကြီး၊ အင်းကွဲနဲ့ ကျောက်တန်း ကျေးရွာတွေက ကျေးရွာကော်မတီဝင်တွေကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် တရွာကို ငွေကျပ် သိန်း ၃၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။ သထုံခရိုင်အတွင်း မြစိမ်းရောင် စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ချိန်မှာ လက်ရှိအချိန်အထိ ကျေးရွာ စုစုပေါင်း ၄၈ ရွာ ရှိပြီ ဖြစ်ပြီး ဌာနအနေနဲ့ စီမံကိန်း ထုတ်ပေးငွေနဲ့ လုပ်ငန်းတွေကို ကျေးရွာကော်မတီတွေက စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာနဲ့ အထောက်အပံ့အကူအညီတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့ သထုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
More News
Up