သထုံမြို့

December 3, 2021

သထုံမြို့လယ်တွင် စစ်ကောင်စီလှည့်ကင်းကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့လယ်ကောင် ရွှေစာရံဘုရားအနီးမှာ ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့  ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်  ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဆိုပါကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းကစပြီး သထုံမြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလှည့်ကင်းကားကို  မိုင်းဆွဲတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်တိုင်သဖွယ် ထောက်ကန်ပေးထားတဲ့ ဘယ်ပုဂ္ဂိုလ်၊ အစုအဖွဲ့မဆို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ သူတို့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထား ပါတယ်။

မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ သတင်းပေး ဒလန်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

2 days Ago

November 22, 2021

သထုံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၄ ဦး ထပ်တွေ့

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ်မတွေ့တာတာ  ၂ လနီးပါးရှိနေပြီဖြစ်တဲ့  မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာအသစ် ၄ ယောက် တွေ့ရှိခဲ့တယ်လို့  လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာအသစ် ၄ ယောက်ဟာ အနံ့ပျောက်လို့ သထုံမြို့က Fever Clinic မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ လာရောက် စစ်ဆေးစဉ် ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လူနာသစ်တွေဟာ သထုံမြို့ သိမ်ကုန်းရပ်ကွက် အသက် ၄၀ နဲ့ ၆၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတွေ ဖြစ်ကြပြီးသူတို့ကို သထုံမြို့နယ် Isolation Ward 1 မှာ ပို့ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က နောက်ဆုံးအကြိမ် ကိုဗစ်လူနာတွေ့ရှိခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာတော့ တကျော့ပြန် ကိုဗစ်လူနာအသစ်တွေ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ပေးကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက တိုက်တွန်းပါတယ်။

စစ်ကောင်စီကတော့   Mask တပ်ဆင်သူတွေကို ဖမ်းဆီးဒဏ်ရိုက်နေသလို၊   Mask မတပ်ဆင်သူတွေကိုလည်း  ဖမ်းဆီး ဒဏ်ရိုက်နေပါတယ်။ 

2 weeks Ago
More News
Up