သတ်မှု

September 15, 2020

ပါလက်စတိုင်းမိသားစုကို သတ်ခဲ့သည့် ဂျူး ၁ ဦးကို အစ္စရေးတရားရုံးက ထောင်ဒဏ်တသက်စီရင်

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ ၂၀၁၅ မီးရှို့တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ဇနီးမောင်နှံနဲ့ သူတို့ရဲ့ တနှစ်ခွဲသားအရွယ် ကလေးကို သတ်ဖြတ်မှုနဲ့ ဂျူးအခြေချနေထိုင်သူ တယောက်ကို အစ္စရေး တရားရုံးက စက်တင်ဘာ ၁၄ ရက်မှာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရုတ်တရက်ရပ်သွားချိန်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အကြမ်းဖက်မှုမြင့်လာချိန် ဒူးမားရွာထဲမှာ မိသားစုဝင် ၃ ယောက် အသတ်ခံခဲ့ရတာပါ။ လူသတ်မှု ကျူးလွန်သူ အသက် ၂၁ နှစ်အရွယ် ဂျူးအမျိုးသား အမ်မရမ်ဘန်အူလေကို လူသတ်မှု ၃ မှု၊ လူသတ်ဖို့ ကြိုးစားမှု ၂ မှုတို့နဲ့ လူမျိုးရေးအခြေပြု ရာဇဝတ်မှု ကျူးလွန်ကြောင်း တရားရုံးက မေလမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ခရိုင်တရားရုံးက ဘန်အူလေကို လူသတ်မှု ၃ မှုအတွက် တသက်တကျွန်းထောင်ဒဏ် ၃ ကြိမ်နဲ့ လူသတ်ဖို့ ကြိုးစားမှုအတွက် ထောင်ဒဏ် နှစ် ၂၀ ကို သီးခြားစီကျခံဖို့ စက်တင်ဘာ ၁၄ ရက်က စီရင်ချက်ချခဲ့တာပါ။ သူကတော့ စီရင်ချက်ကို အယူခံဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အစ္စရေးရဲ့ ရှင်းဘတ် ပြည်တွင်းလုံခြုံရေးဌာနက သူ့ကို စစ်မေးအပြီးမှာ တရားရုံးစီရင်ချက်ဟာ ဂျူးအကြမ်းဖက်ဝါဒဆန့်ကျင်ရေး အရေးပါတဲ့ ဖြစ်ရပ်အဖြစ် ကောင်းချီးပေးခဲ့ပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေကတော့ အစ္စရေးဟာ ဂျူးစစ်သွေးကြွတွေအပေါ် နှိမ်နင်းရာမှာ နှေးကွေးလေးလံလွန်းတယ်လို့ ရှုမြင်ပါတယ်။
1 year Ago

September 8, 2020

ဆော်ဒီသတင်းထောက် ခက်ရှားဂျီးကို သတ်မှုဖြင့် တရားခံများကို ထောင်ဒဏ်ချမှတ်

ဆော်ဒီအာရေဗျ သတင်းထောက် ဂျမဲလ်ခက်ရှားဂျီးကို သတ်မှုအတွက် စက်တင်ဘာ ၇ ရက်မှာ ဆော်ဒီအာရေဗျ တရားရုံးက လူ ၈ ယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ နှစ် ၂၀ အထိ အသီးသီး ချမှတ်လိုက်တယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။ ၂၀၁၈ ခုနှစ်မှာ အသတ်ခံရသူ ခက်ရှားဂျီးရဲ့ မိသားစုက သတ်ဖြတ်သူတွေကို ခွင့်လွှတ်ပြီး သေဒဏ်ကို ပယ်ချခွင့်ပေးအပြီး ၄ လ အကြာမှာ စီရင်ချက်ချခဲ့တာပါ။ လူသတ်မှုကျူးလွန်တဲ့အတွက် လူ ၅ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီ၊ တယောက်ကို ၁၀ နှစ်နဲ့ ၂ ယောက်ကို ၇ နှစ်စီ အသီးသီး ထောင်ချခဲ့တယ်လို့ အယ်လ်အက္ကဘာရီယာ ရုပ်သံက ထုတ်လွှင့်ပါတယ်။ အစောပိုင်းတရားခွင်မှာတော့ တရားရုံးက လူ ၅ ယောက်ကို သေဒဏ်နဲ့ ၃ ယောက်ကို ထောင်ဒဏ်ချခဲ့တာပါ။ လူသတ်မှုက ကြိုတင်ကြံရွယ်ထားတာ မဟုတ်ပေမယ့် တခဏအတွင်း တွန်းအားပေးမှုကြောင့် လူသတ်ခဲ့တာလို့လည်း တရားရုံးက အစောပိုင်းမှာ ဆုံးဖြတ်ပါတယ်။ ခုခံလျှောက်လဲသူ တယောက်ကိုမှ နာမည်ထုတ် မဖော်ပြခဲ့ပါဘူး။ ဆော်ဒီအိမ်ရှေ့စံ မင်းသား မိုဟမ်မဒ်ဘင်ဆယ်လ်မန်ကို ဝေဖန်သူ ခက်ရှားဂျီးကို တူရကီမြို့တော် အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားတာကို နောက်ဆုံး မြင်ခဲ့ကြတာပါ။ စီစဉ်နေဆဲ မင်္ဂလာပွဲအတွက် စာရွက်စာတမ်းတွေ ရယူဖို့ ၂၀၁၈ အောက်တိုဘာ ၂ ရက်မှာ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားတဲ့ ခက်ရှားဂျီရဲ့ ကိုယ်ခန္ဓာဟာ အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး ကောင်စစ်ဝန်ရုံး အဆောက်အအုံထဲကနေ သယ်ထုတ်သွားခဲ့တယ်လို့  သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပ်တယ်။ သူ့အလောင်းကိုတော့  ပြန်မတွေ့ရတော့ပါဘူး။ ဒီလူသတ်မှုဟာ ကမ္ဘာတဝန်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး အိမ်ရှေ့စံမင်းသားရဲ့ ပုံရိပ်လည်း ကျဆင်းခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေနဲ့တကွ အနောက်နိုင်ငံအစိုးရတွေက ဒီလူသတ်မှုကို အိမ်ရှေ့စံက ညွှန်ကြားတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ စက်တင်ဘာ ၂၀၁၉ မှာတော့ မင်းသားက ကိုယ်တိုင် တာဝန်ခံမှုတချို့ကို အရိပ်အမြွက်ပြတဲ့ အနေနဲ့ ဒီကိစ္စဟာ သူ့စောင့်ကြည့်မှုအောက်မှာ ဖြစ်ပျက်သွားခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဆော်ဒီ အရာရှိတွေကတော့ အိမ်ရှေ့စံ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းခဲ့ကြပါတယ်။ ၂၀၂၀ မေလမှာတော့ အသတ်ခံရတဲ့ သတင်းထောက်ရဲ့ မိသားစုက လူသတ်သမားတွေကို ခွင့်လွှတ်ကြောင်းပြောပြီး ခုခံလျှောက်လဲသူ ၅ ဦးကို သေဒဏ်ကင်းလွတ်ခွင့်ရဖို့ လမ်းဖွင့်ပေးခဲ့ကြပါတယ်။
1 year Ago
Up