တောင်ကိုရီးယားအစိုးရဟာ နိုင်ငံတွင်း အဆင့် ၂ လူချင်းခွာနေရမယ့် သတ်မှတ်ချက်ကို စက်တင်ဘာ ၂၇ ရက်အထိ နောက်ထပ် သီတင်းပတ်တပတ် သက်တမ်းတိုးလိုက်ပါတယ်။
စက်တင်ဘာ ၂၀ ကြေညာချက်အရ အခန်းတွင်း လူစုလူဝေးကို အယောက် ၅၀ အောက်မှာပဲ စုဖွဲ့ဖို့ ကန့်သတ်ထားပြီး လေဟာပြင် လူစုလူဝေးကိုတော့ လူတရာအောက်မှာပဲ စုရုံးဖို့ ကန့်သတ်ထားပါတယ်။
ကိုရီးယားရိုးရာ မိသားစုဆုံစည်းပွဲ ကျင်းပရာ ချူဆောင် အားလပ်ရက်အတွက် ကန့်သတ်ချက်တွေကိုလည်း ထပ်ပြီးတင်းကျပ်ကောင်းတင်းကျပ်နိုင်တယ်လို့ ရိုက်တာသတင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်ထိ ကျင်းပမယ့် ချူဆောင် အားလပ်ရက်အတွက် လူချင်းခွာနေရမယ့် မူဝါဒတွေကို လာမယ့်ရက်တွေမှာ အာဏာပိုင်တွေက ကြေညာဖို့ မျှော်လင့်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၉ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၈၂ ယောက်ကို အတည်ပြုထားပါတယ်။ ဒါဟာ သြဂုတ်လလယ်တည်းက အခုထိ တရက်အတွင်း အနိမ့်ဆုံး ကူးစက်မှုလည်း ဖြစ်တယ်လို့ ကိုရီးယား ရောဂါဟန့်တားရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။
တောင်ကိုရီးယားမှာ အခုထိ ကူးစက်ခံ အတည်ပြုလူနာဦးရေ ၂၂,၉၇၅ ယောက် ရှိထားပြီး ကူးစက်ခံ သေဆုံးသူ ၃၈၃ ယောက် ရှိပါတယ်။
သြဂုတ်လက ဒုတိယကူးစက်လှိုင်းအတွင်း နေ့စဉ် ကူးစက်ခံဦးရေဟာ အယောက် ၄၀၀ ကျော်ခဲ့ပြီး စက်တင်ဘာအစောပိုင်းမှာတော့ ကူးစက်ခံအရေအတွက်ဟာ အယောက် ၁၀၀ အောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။
5 months Ago