သတ်ဖြတ်ခဲ့သူ

December 24, 2020

အီရတ် အရပ်သားများအား သတ်ဖြတ်ခဲ့သူများကို သမ္မတထရမ့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

၂၀၀၇ တုန်းက အီရတ်မှာ အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ပြစ်ဒဏ်စီရင်ခံထားရတဲ့ Blackwater ကုမ္ပဏီက လုံခြုံရေး အစောင့်ဟောင်းတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။  Blackwater ဟာ လုံခြုံရေးအတွက် ကြေးစားစစ်တပ်ငှားတဲ့ ကုမ္ပဏီပါ။ အမေရိကန်စစ်သားဟောင်းတွေဖြစ်ကြတဲ့ နီကိုးလပ်စ် စလတ်တန်၊ ပေါလ် ဆလော့ချ်၊ အီဗန် လစ်ဘာတီနဲ့ ဒပ်စ်တင်ဟာ့ဒ်တို့ဟာ အခင်းဖြစ်ချိန်က Blackwater ကုမ္ပဏီအတွက် လုံခြုံရေးတာဝန်ခံတွေအဖြစ် အလုပ်လုပ်နေချိန်ပါ။  ၂၀၀၇ စက်တင်ဘာ ၁၆ ရက်က အီရတ်နိုင်ငံ နီဆားရ်ရင်ပြင်မှာ အမေရိကန် သံတမန်တွေအတွက် လမ်းကြောင်းရှင်းပေးနေချိန်မှာ စက်သေနတ်တွေနဲ့ လက်နက်မဲ့ အီရတ် အရပ်သားတွေကို ပစ်ခတ်ခဲ့လို့ အီရတ်နိုင်ငံသား ၁၄ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။  အဲဒီအတွက် သူတို့ဟာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။  ထရမ့်ရဲ့ အင်္ဂါနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ လူစာရင်းထဲမှာ ထရမ့်ရဲ့ မဲဆွယ်ရေး အဖွဲ့ လက်ထောက် ၂ ယောက်နဲ့ ရီပတ်ဗလစ်ကင် လွှတ်တော်အမတ်ဟောင်း ၃ ယောက်လည်း ပါပါတယ်။
1 year Ago

December 8, 2019

ဘုတလင်မြို့နယ်၌ သားအမိ ၂ ဦးအား သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာ အနီး ညောင်ပင်ကြီးတောတိုက်မှာ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းက သားအမိ ၂ ဦးအား သတ်သွားသူကို ၃၆ နာရီအတွင်း ဖမ်းဆီးမိခဲ့ပြီလို့ သိရပါတယ်။ အသတ်ခံရသူတွေကတော့ မရီရီသန့် (၃၆ နှစ်) နဲ့ သမီးဖြစ်သူ မအေးသန္တာထွန်း (၂ နှစ်၊ ၈ လ) တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ ဦးခေါင်းနောက်စေ့ ကြေမွပွင့်ထွက်ဒဏ်ရာတွေနဲ့ ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်းရဲ့ ကွမ်းခြံထဲမှာ မှောက်လျက်အနေအထား သေဆုံးအလောင်းတွေကို တွေ့ရှိခဲ့လို့ ဘုတလင်မြို့မရဲစခန်း (ပ)၁၈၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်ခဲ့တာပါ။ စစ်ကိုင်းတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဘုတလင်မြို့မရဲစခန်းမှူး၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အဖွဲ့များဖြန့်ခွဲပြီး စုံစမ်းခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။  အခင်းဖြစ်ပွားချိန်က ဘုတလင်မြို့နယ်၊ ရွာရှည်မြောက်ကျေးရွာနေ ဦးလှမင်း(ခ)မြမောင်ဟာ အခင်းဖြစ်နေရာကနေ ဖြတ်လာခဲ့ကြောင်း သိရတာကြောင့် ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးလှမင်းက သူဟာ သေဆုံးသူ မရီရီသန့်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်သန်းနဲ့ ခင်မင်ရင်းနှီးကြောင်း၊ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ဦးကျော်သန်းရဲ့ ယာခင်းတဲအနီး ရေပိုက်ပျော့အား သွားရောက်ယူဆောင်စဉ် အနီးရှိကွမ်းခြံထဲ မရီရီသန့်အား တွေ့ရှိလို့ သွားရောက်စကားပြောပြီး ဗလက္ကာယပြုဖို့ အတင်းဆွဲခေါ်စဉ် ရုန်းကန်ထွက်ပြေးတာကြောင့် အနီးက ထွန်သွားချောင်းနဲ့ ရိုက်သတ်ပြီးနောက် သမီးဖြစ်သူ မအေးသန္တာထွန်းအား နှုတ်ပိတ်တဲ့အနေနဲ့ ထပ်မံရိုက်သတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်။ ကျူးလွန်သူအား ၃၆ နာရီအတွင်း ဖမ်းဆီးရမိနိုင်အောင် စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ အမှုခိုင်မာစွာ တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့
2 years Ago
Up