သတ်ဖြတ်မှု

February 21, 2019

အီဂျစ် အစိုးရရှေ့နေချုပ်ကို သတ်ဖြတ်မှုဖြင့် တရားစွဲထားသည့် အမျိုးသား ၉ ဦးအား သေဒဏ်စီရင်

အီဂျစ်အာဏာပိုင်တွေဟာ ၂၀၁၅ ခုနှစ်က အီဂျစ်အစိုးရရှေ့နေချုပ်ကို  သတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမျိုးသားကိုးဦးကို သေဒဏ်စီရင်ခဲ့ပြီးပြီလို့ အကျဥ်းထောင် သတင်းရင်းမြစ်နဲ့ ရှေ့နေတဦးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။ ဒီလူတွေဟာ ၂၀၁၇ ခုနှစ်က သေဒဏ်ချထားတဲ့ လူ ၂၈ ဦး အုပ်စုထဲက လူတွေပါ။ မြို့တော်ကိုင်ရိုမှာ အစိုးရရှေ့နေချုပ် ဟီရှန်ဘာရာကတ်ပါတဲ့ ယာဉ်တန်းကို ကားဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တာပါ။ ဒီလုပ်ရပ်အတွက် ဂါဇာအခြေစိုက် ဟားမတ်စ် စစ်သွေးကြွတွေနဲ့ မွတ်စလင်ညီနောင်များ အုပ်စုကို အီဂျစ်အစိုးရက အပြစ်တင်ခဲ့ပါတယ်။ နှစ်ဖွဲ့စလုံးကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းခဲ့ကြပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ခုခံလျှောက်လဲသူတွေဟာ လျှို့ဝှက် ဖမ်းဆီးနှိပ်စက်ခံရအပြီး ဝန်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့လို့ သူတို့ကို သေဒဏ်မစီရင်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က အီဂျစ်အာဏာပိုင်တွေကို ဖေဖော်ဝါရီ ၁၉ ရက်က တောင်းဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က စစ်တပ်အကြီးအကဲ အဘ်ဒယ်ဖာတာ အယ်စီစီက မွတ်စလင်ညီနောင်များ အုပ်စုက သမ္မတ မိုဟာမက်မာစီကို ဖြုတ်ချအပြီးမှာ အီဂျစ် ရာဇဝတ်မှုခုံရုံးတွေက ရာနဲ့ချီတဲ့ လူတွေကို သေဒဏ်ချမှတ်ခဲ့ပေမယ့် လူနည်းနည်းကိုပဲ သေဒဏ် စီရင်ခဲ့တာပါ။ ဒါပေမယ့် သေဒဏ်ချတဲ့နှုန်းကတော့ ၂၀၁၅ ခုနှစ်ကစပြီး မြင့်တက်လာခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
2 years Ago
Up