သတ္တုတူးဖော်ရေးလုပ်ငန်းများ

December 3, 2020

ပူတာအိုတွင် ရွှေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်တန့်ပေးရန် KNC ပါတီတောင်းဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက ရွှေနဲ့သတ္တု တူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ပေးဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ( KNC) က  ဒီဇင်ဘာ ၁ ရက်နေ့က တောင်းဆိုတဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်ဖို့နဲ့   မေခ မလိခမြစ်နှစ်သွယ်ရဲ့ ရေဝေရေလဲ ထိန်းသိမ်းဖို့ အရေးကြီးတာကြောင့်ခုလို တောင်းဆိုလိုက်တာလို့ဆိုပါတယ်။  KNCပါတီ ဥက္ကဋ္ဌ  ဒေါက်တာအမ်ကောလက “ ပူတာအိုက ကြာလာရင် ဖားကန့်လို ဖြစ်လာတော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုတွေ လုပ်ပေးလိုက်ရင်နောက်လူတွေလည်း လျှောက်တော့မှာ ကျနော်တို့ကချင်ပြည်နယ်က မြစ်ချောင်းတွေတိုင်းမှာ ရွှေကတော့ထွက်တာကြီးပဲ ပွစာကျဲအောင်လုပ်မယ်ဆိုရင်။ ပူတာအိုခရိုင်က မြန်မာပြည်အတွက်လည်း အရေးကြီးတယ်။ မေခမလိခမြစ်ဝှမ်းဟာ ဧရာဝတီကိုထောက်ပံ့နေတဲ့ ရေဝေရေလဲဒေသဖြစ်တယ်။ အဲဒီ ရေဝေရေလဲကို မပျက်စီးဖို့ လိုတယ်။ ဘာဘဲ​ဖြစ်ဖြစ် ရွှေနဲ့သတ္တု တူးပြီဆိုကတည်းက သက်ဆိုင်ရာလုပ်ကွက်ထဲမှာ မြေတွေရှင်းလင်းရပြီ တူးဆွတယ်။ သူတို့တူးဖော်တဲ့စနစ်တွေက Open Type တွေဖြစ်တယ် ဂလိုင်တူးပြီး ဟင်းလင်းဖွင့် စနစ်ပေါ့။” လို့ ပြောပါတယ်။  ရေဝေရေလဲဒေသကို ထိခိုက်တဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းမှန်သမျှကို တားဆီးပြီး ထိန်းသိမ်းဖို့လိုတယ်၊ မြစ်ဆုံတစ်ခုထဲမဟုတ်ဘူးဒါကို လူထုကလည်းသဘောပေါက်ဖို့လိုသလို သက်ဆိုင်ရာအစိုးရကလည်းသဘောပေါက်ဖို့လိုတယ်လို့ ဒေါက်တာအမ်ကောလကပြောပါတယ်။ KNC ပါတီအနေနဲ့  ပူတာအိုခရိုင်ကို Virgin Land သဘာဝနယ်မြေအဖြစ် ဆက်ထားလိုကြောင်း၊ သဘာဝအခြေခံ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ဆောင်လိုတဲ့ အကြောင်း၊ ရွှေနဲ့သတ္တုတူးဖော်ရေးလုပ်ကွက်တွေ နောက်ထပ်အသစ်ချထားပေးတာကို လုံးဝရပ်တန့်ပေးစေလိုကြောင်း တောင်းဆိုထားတဲ့စာကို သမ္မတရုံး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတို့ ထံပေးပို့ ထားပါတယ်။  သတင်း- မီးမီး
4 months Ago
Up