သတိပေးမီးတန်းများ တပ်ဆင်

March 16, 2019

အစ္စရေးတွင် ဖုန်းကြည့်လမ်းလျှောက်သူများ အန္တရာယ်ကင်းရေး သတိပေးမီးတန်းများ တပ်ဆင်

အစ္စရေးနိုင်ငံမှာ စမတ်ဖုန်းစွဲလမ်းသူတွေ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး တဲလ်အဲလ်ဗစ်မြို့ လယ်ခေါင်က လမ်းဆုံ လမ်းခွတွေမှာ အစိမ်းရောင် LED သတိပေး မီးတန်းတွေ တပ်ဆင်လိုက်ပါတယ်။ ပလက်ဖောင်းအစွန်းမှာ တပ်ဆင်ထားတဲ့ အဲဒီ LED မီးတန်းတွေက ခေါင်းစိုက်ပြီး ဖုန်းကြည့်လမ်းလျှောက်လာသူတွေ ကားလမ်းကူးခါနီး သတိထားမိစေဖို့နဲ့ မလိုလားအပ်တဲ့ မတော်တဆမှုတွေ လျှော့ချဖို့ပါ။ အဲဒီလို ဆောင်ရွက်တာက လမ်းသွားလမ်းလာပြည်သူတွေရဲ့ အပြုအမူကို ပြောင်းလဲဖို့ ရည်ရွယ်တယ်လို့ တဲလ်အဲလ်ဗစ်မြို့ ယာဉ်လမ်းကြောထိန်းချုပ်ရေးဌာန အကြီးအကဲ တိုမာ ဒိုရာက ပြောပါတယ်။ သတိပေး LED မီးတန်းတွေ တပ်ဆင်တာနဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကြား အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။ တချို့ကလည်း ထူးခြားလာမှာ မဟုတ်ဘူးလို့ ပြောသလို တချို့ကလည်း ချီးမွမ်းခဲ့ကြပါတယ်။ လမ်းလျှောက်ရင်း ဖုန်းကြည့်သူတွေအတွက် အထူးဘေးကင်းလုံခြုံရေး စီမံချက်တွေ ပြုလုပ်တာ တဲလ်အဲလ်ဗစ်မြို့က ပထမဆုံး မဟုတ်ပါဘူး။ ကမ္ဘာပေါ်က မြို့တော်တော်များ များမှာလည်း စမတ်ဖုန်းစွဲလမ်းသူတွေ ဘေးကင်းဖို့ အလားတူ ကာကွယ်ရေး စီမံချက်တွေ လုပ်ခဲ့ကြပါတယ်။  
2 years Ago
Up