သတိပေးချက်

October 27, 2018

ထုတ်ကုန်ပစ္စည်းများကြောင်း မြန်မာဘာသာဖြင့် ဖော်ပြရန် သတိပေးချက် ထုတ်ပြန်

ကုန်ပစ္စည်းတွေ ထုတ်လုပ်၊ ကုန်သွယ်ရာမှာ သုံးစွဲပုံနဲ့ ကုန်ပစ္စည်းအကြောင်း အချက်အလက်တွေကို မြန်မာဘာသာစကားနဲ့ပါ မဖြစ်မနေဖော်ပြဖို့ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က အောက်တိုဘာ ၂၆ ရက်စွဲနဲ့ အမိန့်စာ ထုတ်လိုက်တာပါ။ ကုန်စည်တွေ ထုတ်လုပ်ရာ၊ ကုန်သွယ်ရာမှာ စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်တွေမှာ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နဲ့ ကြိုတင် သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးတို့ကို မြန်မာဘာသာ၊ ဒါမှမဟုတ် မြန်မာဘာသာနဲ့ တခြားဘာသာ တွဲဖက်ပြီးတော့ ဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါဟာ ၆ လကြိုတင် သတိပေးထုတ်ပြန်လိုက်တာ ဖြစ်လို့ ဒီအမိန့်ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်မှာ စပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ သတိပေးတာ၊ လျော်ကြေးပေးတာ၊ ကုန်ပစ္စည်းရောင်းချ ဖြန့်ဖြူးတာကို တားမြစ်တာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာ စတဲ့ ပြစ်ဒဏ်တွေပါဝင်တဲ့ ဥပဒေပုဒ်မနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။ ဦးစားပေး ကုန်စည်တွေအနေနဲ့ကတော့ အစားအသောက်အမျိုးမျိုး၊ အိမ်သုံးလျှပ်စစ်နဲ့ အီလက်ထရွန်းနစ် ပစ္စည်းအမျိုးမျိုး၊ ကလေး အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ ဆက်သွယ်ရေးသုံးပစ္စည်းတွေ၊ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အိမ်သုံးဆေးဝါးတွေ၊ အာဟာရ ဖြည့်စွက်စာ အမျိုးမျိုးနဲ့ တိုင်းရင်းဆေးဝါးအမျိုးမျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းသုံး ဓာတုဗေဒပစ္စည်း အမျိုးမျိုး၊ အလှကုန်ပစ္စည်း အမျိုးမျိုး၊ သွားတိုက်ဆေး၊ ဆပ်ပြာအမျိုးမျိုး၊ စိုက်ပျိုးရေးသုံးပစ္စည်း ကိရိယာ အမျိုးမျိုး၊ ကျန်းမာရေး အထောက်အကူပြု အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ ဖြစ်ပါတယ်။
2 years Ago

June 2, 2018

မာရာပီမီးတောင် ပေါက်ကွဲ၊ လေကြောင်း သတိပေးချက် တိုးမြှင့်

အင်ဒိုနီးရှားနိုင်ငံ ၈ျာဗားကျွန်းအလယ်ပိုင်းရှိ မာရာပီမီးတောင် ပေါက်ကွဲမှုကြောင့် ဇွန်လ ၁ ရက်နေ့က လေကြောင်းသွားလာမှု သတိပေးချက်ကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပါတယ်။ မာရပီမီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၀ က ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေကို  အမြင့်ပေ ၆,၀၀၀ အထိ မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှားမြေငလျင်တိုင်းတာရေးအဖွဲ့က ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် သစ်တောအတွင်း မီးလောင်ကျွမ်းနေပုံတွေကိုလည်း ဘူမိဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေး နည်းပညာအေဂျင်စီက တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ မီးတောင်အတွင်းက ထွက်လာတဲ့ လောင်ကျွမ်းပစ္စည်းကြောင့် တောမီးလောင်ရတာလို့လည်း အဆိုပါအေဂျင်စီက ပြောပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ဘေးလွတ်ရာပြောင်းရွှေ့မိန့်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မာရာပီ မီးတောင်ဟာ ၂၀၁၀ ခုနှစ်က ဆက်တိုက်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။
3 years Ago
Up