သတိပေး

August 18, 2018

ဆိုက်ဘာဖောက်ထွင်းမှုများ ပိုတိုးလာနေဟု ပညာရှင်များ သတိပေး

အစိုးရတွေနဲ့ အင်တာနက်သုံးစွဲသူတွေအပေါ် ဆိုက်ဘာဖောက်ထွင်းတိုက်ခိုက်ရာမှာ ခေတ်မီဆန်းပြားမှုတွေ တိုးလာနေတယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ သတင်းအချက်အလက် မျှဝေမှု တိုးလာနေလို့ ဗဟုသုတ ဖြန့်ဖြူးမှု တိုးလာနေတာပါ။ တဖက်မှာလည်း ဆိုင်ဘာစစ်ပွဲတွေ ဆင်နွှဲနိုင်တဲ့ဘေး၊ သတင်းအချက်အလက်တွေကို ဆိုင်ဘာဖောက်ထွင်းသူတွေက ခိုးယူနေတဲ့ ဘေးတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၁ နှစ်သား ယောက်ျားလေး တယောက်ဟာ ဆယ်မိနစ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အင်တာနက် စာမျက်နှာ ၄၆ ခုကို ဖောက်ထွင်းပြခဲ့ပါတယ်။ ဒါဟာ ဒီသီတင်းပတ်အတွင်း လူကြိုက်များတဲ့သတင်း ဖြစ်ခဲ့တာပါ။ လတ်တလောမှာ ဆိုင်ဘာဖောက်ထွင်းသူများ အသင်းချုပ်က ဆိုင်ဘာလုံခြုံရေးအတွက် ပြန်ဆန်းသစ်အောင် လုပ်နေတယ်လို့ ဗွီအိုအေ သတင်းဌာနက အစီရင်ခံပါတယ်။ အရင်လကပဲ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲမှာ နိုင်ငံခြားကနေ ဆိုင်ဘာဖောက်ထွင်းစွက်ဖက်မှုအတွက် ထောက်ပြရင်း ဆိုင်ဘာလုံခြုံရေး အတွက် ဆော်သြခဲ့ပါတယ်။ မနှစ်က ဟက်ကာ တယောက်ဟာ အမေရိကန်ပြည်သူ သန်း ၁၅ဝ ရဲ့ မှတ်ပုံတင်နံပါတ်တွေကို ခိုးယူပြီး အင်တာနက်ပေါ်မှာ ဖောက်ထွင်းခဲ့တာပါ။ ဒါကြောင့် တချို့ ကုမ္ပဏီတွေက ဆိုင်ဘာဖောက်ထွင်းမှု တားဆီးဖို့ ဘင်နီထရွိုင်ယာလို ပညာရှင် ဟက်ကာတွေကို ပြန်ငှားရမ်းခဲ့ရပါတယ်။ နိုင်ငံ ၁၀၀ ကျော်က အတွေ့အကြုံတွေအရ ဆိုင်ဘာတိုက်ခိုက်မှု ခံရနိုင်ဆုံး လုပ်ငန်းတွေဟာ အစိုးရ၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းနယ်ပယ်တွေလို့ ဟက်ကာ တယောက်က ပြောပါတယ်။ နိုင်ငံတော် လုံခြုံရေး ရှုထောင့်အရ ဟက်ကာတွေ ဘယ်နေရာက လာသလဲ ဆိုတာကို အိုင်ပီလိပ်စာနဲ့ ဖော်ထုတ်ရာမှာ တရုတ်နိုင်ငံက ၄၁ ရာခိုင်နှုန်း၊ တူရကီက ၂ဝ ရာခိုင်နှုန်း၊ အမေရိကန်က ၁၇ ရာခိုင်နှုန်း အသီးသီးရှိတယ်လို့ security today magazine က ၂ဝ၁၇ မတ်လမှာ ဖော်ပြပါတယ်။ ဟက်ကာတွေက အပျက်အစီးတွေကို ဖြစ်စေနိုင်ပေမယ့် သူတို့ရဲ့ နည်းပညာ ပေါက်ကွဲမှုက အမြင့်ဆုံး အဆင့်ကို မရောက်သေးဘူးလို့လဲ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကံကြမ္မာဟာ ဆိုင်ဘာလုံခြုံရေးကို ကာကွယ်ရာမှာ ပူးပေါင်းဆောင်ရွက်မှု၊ ခေတ်မီဆန်းပြားမှု တိုးလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖြေရှာမှုအပေါ် မူတည်နေတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးခဲ့ပါတယ်။
3 years Ago

July 30, 2018

စကားလုံးတိုင်း အထူးသတိထားကြရန် အန်အယ်လ်ဒီပါတီပြောခွင့်ရ သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တာဝန်ပေးထားတဲ့သူတွေအနေနဲ့ သုံးနှုန်းတဲ့ စကားလုံးတိုင်းကို အထူးသတိထားကြဖို့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က သတိပေးလိုက်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၂) စားရိပ်သာ ၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (CEC) ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုအချို့မှာ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အခုလို သတိပေးပြောဆိုခဲ့တာပါ။ “ကျနော်တို့ ပါတီမှာ တာဝန်ပေးထားတဲ့ သူတိုင်းဟာ လုပ်တဲ့ အခါမှာ စကားလုံးတွေကို အင်မတန် ဂရုစိုက်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အုပ်ချုပ်တဲ့ အခါမှာ အာဏာရှင်စနစ်လို ဥပဒေမှာ ပါတိုင်း လုပ်လို့မရပါဘူး။ အများပြည်သူရဲ့ သဘောထားကိုလည်း ယူရပါ့မယ်။ ကျနော်တို့ သုံးတဲ့ စကားလုံးတိုင်းကို အင်မတန်ကို သတိထားစေချင်ပါတယ်။ ကျနော်တို့က ပြည်သူတွေကို တနည်းအားဖြင့်ပြောရရင် တရားဥပဒေသက်သက်နဲ့ အုပ်ချုပ်နေတာ မဟုတ်ပါဘူး။ သဘောတူညီမှုနဲ့ အုပ်ချုပ်နေတာပါ။ စကားလုံးနဲ့ အုပ်ချုပ်နေတာပါ။ စကားလုံးမှားရင်တော့ ကျနော်တို့မှာ ထိခိုက်မှုရှိပါတယ်”လို့ ဒေါက်တာမျိုးညွှန့်က ပြောဆိုခဲ့တာပါ။ ဒီရက်ပိုင်းအတွင်းက ကယားပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စရပ်နဲ့လည်း ပတ်သက်ပြီးတော့ ကယားဝန်ကြီးချုပ်ကိစ္စကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ပါတီကို တိုင်ကြားလာမှုတွေထဲမှာ အလုပ်လုပ်လွန်းသူတွေကိုလည်း တိုင်ကြားတာ ရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ “အမှန်တိုင်းပြောရရင် ပုံမှန်ထက်တောင်မှ နည်းနည်းလေးလျော့သွားပါတယ်။ တိုင်ကြား ခံရတာပေါ့။ ကိုယ်စားလှယ်တွေဟာ သူ့အလုပ်တွေကို ဖိဖိစီးစီးလုပ်ပါတယ်။ ပြီးရင် အလုပ်ပို လုပ်တဲ့ ကိုယ်စားလှယ်တွေ ပိုအတိုင်ခံရတာတွေလည်း တွေ့နေရပါတယ်။ အလုပ်လုပ်လွန်းတဲ့ ကိုယ်စားလှယ်တွေ ပိုတောင်အတိုင်ခံရပါတယ်လို့ ပြောတာပါ။ အလုပ်မလုပ်တဲ့ သူတွေကိုလည်း မလုပ်လို့ တိုင်ပါတယ်” လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ အစည်းအဝေးပွဲမှာ ပါတီအတွင်းမှာရှိတဲ့ ရေးရာကော်မတီတွေ၊ တောင်သူလယ်သမား၊ အမျိုးသမီး၊ စီးပွားရေးတွေမှာ ပါတီဝင်တွေ တိုးချဲ့ဖို့၊ ပါတီရဲ့ ရန်ပုံငွေ ကိစ္စတွေ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
3 years Ago
More News
Up