သတို့သား

July 2, 2018

မိုးကြိုးပစ်ခံရမှာကြောက်သည့် သတို့သားကြောင့် အိန္ဒိယမင်္ဂလာပွဲ ရန်ပွဲအသွင်ပြောင်း

မိုးကြိုးပစ်ခံရမှာကြောက်တဲ့သတို့သားကြောင့် အိန္ဒိယနိုင်ငံက မင်္ဂလာဆောင်တခုဟာ မိသားစုလိုက် ရန်ပွဲအဖြစ်ကို ပြောင်းလဲသွားခဲ့ရတယ်လို့ Telegraph သတင်းမှာဖော်ပြပါတယ်။ မိုးကြိုးပစ်ခံရမှာကို စိုးရိမ်တဲ့ သတို့သားအား စိတ်ပျက်လာတဲ့ သတို့သမီးက မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး ဒီတောင်းဆိုချက်ကြောင့်ပဲ မိသားစုနှစ်စုကြား ပြဿနာတွေ ကြီးထွားလာခဲ့ရတာပဲ ဖြစ်ပါတယ်။ သတို့သားလောင်းဟာ သူရဲ့လယ်ကွင်းအနီးမှာ မိုးကြိုးပစ်မှုတခုဖြစ်ပွားပြီးတဲ့နောက်မှာ သူစိမ်း တယောက်လို ပြောင်းလဲသွားခဲ့ပြီး ထူးဆန်းတဲ့အမူအရာတွေကို စတင်လုပ်ဆောင်တော့ တယ်လို့ သတို့သမီးဘက်က ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ရဲ့ ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် သတို့သမီးက သူနဲ့စေ့စပ်ထားပြီးဖြစ်တဲ့ အမျိုးသားနဲ့ လက်ထပ်ဖို့ကို ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။ သတို့သမီးနဲ့ သတို့သားလောင်းတွေဟာ ရိုးရာ ဘုန်းတော်ကြီးတွေရှေ့မှာ မင်္ဂလာပွဲဆိုင်ရာ ထုံတမ်းအစဉ်အလာအချို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သတို့သားဘက်က ဆွေမျိုးတွေက ကန့်ကွက်ပေမယ့်လည်း သတို့သမီးကတော့ လက်ထပ်ပွဲကို တဖက်သတ်ငြင်းဆန်ခဲ့ပါတယ်။ ဒီငြင်းဆန်မှုကြောင့် နောက်ပိုင်းမှာ မိသားစုနှစ်စုကြား ရန်ပွဲကြီးဖြစ်ပွားခဲ့ပြီး သတို့သမီးဘက်က ဆွေမျိုးတွေက သတို့သားဘက်က လူတွေကို စတင်ရိုက်နှက်ခဲ့တယ်လို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ဒေသတွင်းသတင်း မီဒီယာတစ်ခုကို ပြောကြားပါတယ်။ ဒီရန်ပွဲမှာ ပါဝင်ပတ်သတ်နေတဲ့ သတို့သမီးဘက်က အမျိုးသား သုံးသီးကို ဖမ်းဆီးထားတယ်လို့လည်း သူကဆက်လက် ပြောဆိုပါတယ်။ သတို့သားဟာ ဆာရန်ပြည်နယ်ကဖြစ်ပြီး သတို့သမီးဟာ ဘီဟာပြည်နယ်အရှေ့ပိုင်းက ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံတွင်းက မင်္ဂလာအခမ်းအနားတွေဟာ လူပေါင်းမျာစွာ ပါဝင်ဆင်နွဲလေ့ရှိတဲ့ ကြီးမားတဲ့ လူမှုရေးအခမ်းအနားဖြစ်သလို တဖက်မှာလည်း ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်ပါတယ်။ ဒ့ါကြောင့် တခါတရံမှာ ထူးခြားပြီး လက်ခံနိုင်ဖို့ ခက်ခဲတဲ့ အကြောင်းပြချက်တွေကြောင့် မင်္ဂလာပွဲတွေဟာ ပျက်စီးလေ့ရှိပါတယ်။
3 years Ago
Up