သတင်းထောက် ၁ ဦး

March 1, 2021

မြစ်ကြီးနားတွင် ဖမ်းဆီးခံရသည့် သတင်းထောက် ၁ ဦးနှင့် အရပ်သား ၇၀ ကျော်ပြန်လွတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က ဖမ်းဆီးခံရတဲ့ ဆန္ဒပြ အရပ်သား ၇၂ ယောက်နဲ့ သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းထောက်တစ်ယောက်ကို  မနေ့ည ၈ နာရီကျော်မှာ ရဲစခန်းက  ပြန်လွှတ်ပေးလိုက်ပါတယ်။

မြစ်ကြီးနားခရိုင် ရဲမှူးတင်ဖေဝင်းက “ရိုးရိုးသားသားဆန္ဒပြတဲ့  ၇၂ ယောက်ကို ဒီနေ့ညမှာ ပြန်လွှတ်လိုက်တာပါ။ မသင်္ကာစရာ သက်သေခံပစ္စည်းတွေ (ဂျင်ဂလိ) တွေ့တဲ့သူတွေကိုတော့ အရေးယူသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြန်လွတ်လာတဲ့ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၃၆ ယောက်ကို ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန် ၉ ယောက်ကိုတော့ အရေးယူခံရနိုင်တယ်လို့ ပြန်လွတ်လာဖို့ ကြိုးပမ်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုထံကနေ သိရပါတယ်။

မနေ့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သတင်းထောက်ကတော့  ကချင်ပြည်နယ် အခြေစိုက် The 74 မီဒီယာမှ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ 

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က အောင်နန်းရပ်ကွက် အ.ထ.က (၃) ကျောင်းအနီးမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က သေနတ်နဲ့ပစ်ခတ်၊   မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်မှာ ခေါင်းပေါက်သူနဲ့  နံပါတ်တုတ်နဲ့ အရိုက်ခံထားရလို့ ဒဏ်ရာရရှိထားသူ ၅ ဦးထက်မနည်းရှိပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 

9 months Ago

August 3, 2020

မက္ကဆီကိုနိုင်ငံတွင် သတင်းထောက် ၁ ဦးကို သေနတ်သမားများ အသေပစ်သတ်

မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းက ဂွါရဲရိုပြည်နယ် အစ်ဂွါလာမြို့ထဲမှာ သေနတ်သမားတွေက သတင်းထောက်တယောက်ကို သြဂုတ် ၂ ရက်က အသေပစ်သတ်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပီအမ်နိုတစ်စီးယပ်စ် အင်တာနက်သတင်းဌာနက ပါဘလို မောရူဂါရက်ဇ်ဟာ ရဲသက်တော်စောင့်တယောက်နဲ့အတူ သန်းခေါင်ကျော်အချိန်မှာ အစ်ဂွါလာ စားသောက်ဆိုင်ထဲ  ညစာ စားနေတုန်း ဘယ်သူဘယ်ဝါ မသိတဲ့သူတွေက သူတို့ကို ပစ်သတ်ခဲ့တာလို့ ဂွါရဲရိုပြည်နယ် အစိုးရရှေ့နေတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သူ့သတင်းဌာနနဲ့ ဂါရဲရိုပြည်နယ် လူ့အခွင့်အရေးကော်မရှင်တို့ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “သတင်းထောက်နဲ့အတူ သက်တော်စောင့်ပါ သေဆုံးတယ်။ သတင်းထောက်ဟာ ၂၀၁၆ ခုနှစ်ကလည်း လုပ်ကြံခံရဖူးပြီး ရှင်သန်လွတ်မြောက်ခဲ့တယ်” လို့ ဒေသခံ အရာရှိတယောက်က ပြောပါတယ်။ ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂွါရဲရိုပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံအတွင်း အကြမ်းဖက်မှု အများဆုံး ပြည်နယ်တွေထဲက တခုပါ။  ဒါဟာ မက်ဆီကိုနိုင်ငံအတွင်း ဒီနှစ်ထဲမှာ လေးယောက်မြောက် သတင်းထောက် အသတ်ခံရမှုလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။
1 year Ago
Up