သတင်းစာရှင်းလင်းပွဲပြုလုပ်သူ

December 16, 2020

ဧရာဝတီတိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ၄ ဦး တရားစွဲခံရ

ကိုဗစ်ကာလ ဧရာဝတီတိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သူ ၄ ယောက်ကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ပုသိမ်နယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုခဲ့တယ်လို့ နယ်မြေရဲတပ်ဖွဲ့ထံက သိရပါတယ်။ ချောင်းသာကမ်းခြေ မြေဧက ၅၀ ကျော် အငြင်းပွားနေမှုနဲ့ပတ်သက်ပြီး တိုင်းမြေစစ်ကော်မတီက ၃ လအတွင်း စိစစ်အနိုင်ပေးခဲ့မှုအပေါ် မြေယာမှုဝါဒနဲ့ မညီကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သူ ၄ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတာလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ၄ ယောက်ကို သဘာဝဘေး ၂၅ နဲ့ အမှုဖွင့်အရေးယူထား ပါတယ်"လို့ ပြောပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်က ခန်းမတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချောင်းသာမြို့က လာသူ ၉ ယောက်နဲ့  ဒေသခံသတင်းထောက် ၆ ယောက်  စုစုပေါင်း ၁၅ ယောက်နဲ့သာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ အရေးယူခံရသူတွေက ပြောပါတယ်။ တရားစွဲခံရသူ ကိုတေဇာအောင်က "မတရား တဖက်သက် အလုပ်ခံရလို့ သက်ဆိုင်ရာဌာနတွေနဲ့ နိုင်ငံတော်အဆင့် အကြီးအကဲ တွေကို တင်ပြခဲ့ပါတယ်။ မထူးခြားလို့ မီဒီယာကနေ တဆင့် ရှင်းလင်းပွဲလုပ်ရတာပါ၊ အားလုံး ၁၅ ဦး ထဲရှိတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့ စည်းကမ်းတွေနဲ့ အညီ လုပ်ခဲ့ပါတယ်"လို့  ပြောပါတယ်။ ခုလို စည်းကမ်းချက်တွေအနဲ့အညီပြုလုပ်တာကို တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဒါဟာ တိုင်းမြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အမှားတွေ တဖက်သက်ဆုံးဖြတ်ချက်တွေကို ပေါ်လွင်လာမှာ စိုးလို့ ခုလို ဖိအားပေးတာမျိုးဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ မတရားမှုတွေရှိနေတာကို အများပြည်သူသိအောင် အဖြစ်မှန် ပေါ်စေချင်သလို ခုလိုဖြစ်စဉ်ကိုလည်း ဝိုင်းရံပေးစေချင်ပါတယ်လို့ ရဲစခန်းမှာအမှုဖွင့်ခံထားရသူ တွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
4 months Ago
Up