သတင်းနှင့်နည်းပညာ

July 4, 2015

စွမ်းအင်ပေးမည့် လေယာဉ်လက်တွန်းလှည်း

လေကြောင်းခရီးသည်တွေအဖို့ လေယာဉ်မယ်တွေရဲ့ လက်တွန်းလှည်းနဲ့ ယူဆောင်တည်ခင်းလာတဲ့ အဆာပြေ စားစရာတွေကို ကျင့်သားရနေပါပြီ။ နောက်ကျရင်တော့ ဒီတွန်းလှည်းမှာ စားစရာတွေကို ချက်ပြုတ်နိုင်မယ့် စွမ်းအင်ပါ ထည့်သွင်းလာတော့မှာပါ။ ဂျာမန်သုတေသန ပညာရှင်တွေဟာ သယ်ဆောင်ရ လွယ်ကူတဲ့ လောင်စာဆဲလ်ကို ပဲရစ်လေကြောင်းပြပွဲမှာ ပြသခဲ့ကြပါတယ်။ ရွန်နီနက်ပဲလ်ဟာ ဒီအဲလ် လေကြောင်းနဲ့ အာကာသကုမ္ပဏီရဲ့ စွမ်းအင်စနစ် ဖွံ့ဖြိုးရေးခေါင်းဆောင် ဖြစ်ပါတယ်။ "ခု မြင်နေရတာကတော့ လှောင်ကန်ရယ်၊ အသွင်ပြောင်းကြားခံရယ်၊ လောင်စာဆဲလ်နဲ့ ဘက်ထရီရယ် ပါတဲ့ စွမ်းအင်ထုတ်စနစ်ပါ။ လောင်စာဆဲလ်သုံး ဖက်စပ်စနစ်က လေယာဉ်မီးဖိုခန်းအတွက် စွမ်းအင် အလုံအလောက် ထုတ်ပေးနိုင်ပါတယ်။ ဒီစနစ်ကို ထည့်လိုက်တာနဲ့ ဒီတွန်းလှည်းနဲ့တင် မီးဖိုခန်းကို စွမ်းအင်ပေးပြီးသား ဖြစ်သွားပါပြီ။" ဒီအဲလ် ကုမ္ပဏီကထုတ်တဲ့ ဒီတွန်းလှည်းမှာ ဘက်ထရီရဲ့ လောင်စာအရင်းအမြစ်ဖြစ်တဲ့ ဟိုက်ဒရိုဂျင်ကို ထောက်ပံ့ပေးနိုင်တဲ့ ပရိုပိုင်လင်းဂလိုက်ကော အရည်လှောင်ကန်ပါ ပါတယ်။ ဖရောင့်ဟော့ဖာ ဓာတုနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ ဂန်သာကော့လ်ဟာ ဒီစွမ်းအင်ထုတ်စက်ကို ပုံစံထုတ်ပေးခဲ့သူတွေထဲက တယောက်ပါ။ "လှောင်ကန်ကလာတဲ့ ပရိုပိုင်လင်း ဂလိုက်ကောအရည်ကို အသွင်ပြောင်းကြားခံထဲမှာ မြင့်မားတဲ့ အပူချိန်ပေးပြီး ဟိုက်ဒရိုဂျင်ကို ထုတ်ယူပါတယ်။" တွန်းလှည်းမှာပါတဲ့ ဓာတ်ပြောင်းခန်းက အဆိပ်သင့် ဘေးထွက်ပစ္စည်းတွေကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေအဖြစ် အသွင်ပြောင်းပေးပါတယ်။ ဒီစက်ဟာ သမားရိုးကျ စွမ်းအင်ထုတ်စက်တွေထက် ပေါ့ပါးပြီး အရွယ်အစား သေးငယ်ပါတယ်။ "ကျနော်တို့ ဒီမှာသုံးထားတာက အထူးဖန်တီးထားတဲ့ အပူဖလှယ်နည်းပညာသုံး ပလိပ်ပြားပါ။ အလေးချိန်လည်း နည်းတဲ့အတွက် ဒီစက်အရွယ်အစားနဲ့တော့ အံကိုက်ပါပဲ။ တချို့အခြေအနေတွေမှာဆိုရင် သမားရိုးကျ နည်းပညာတွေက လိုအပ်တဲ့ နေရာလွတ် ၉၀ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ပါတယ်။" လေယာဉ်မီးဖိုခန်းတွေမှာ စွမ်းအင်သိပ်ကုန်တဲ့ နည်းပညာတွေနဲ့ မွမ်းမံလာခဲ့တာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပါပြီ။ ဒီအဲလ်နဲ့ သူ့ရဲ့ တွဲဘက်ကုမ္ပဏီတွေကတော့ ဒီစနစ်ဟာ တိုးမြင့်လာနေတဲ့ စွမ်းအင်လိုအပ်ချက်အတွက် အမှီအခိုကင်းတဲ့ စွမ်းအင်ရင်းမြစ်တခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ပြင်သစ်က မီးဖိုချောင်တွေကို အလင်းပေးနေတဲ့ ဒီစက်ရဲ့ရှေ့ပြေးပုံစံကို လေယာဉ်တွေပေါ်မှာ တွေ့မြင်နေရပါပြီ။  
6 years Ago
Up