သတင်းထောက် ၉ ဦး ဖမ်းဆီးခံရ

November 6, 2016

တူရကီအစိုးရ အတိုက်ခံသတင်းစာတစောင်က သတင်းထောက် ၉ ဦး ဖမ်းဆီးခံရ

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်းမြို့က အစိုးရ အတိုက်အခံသတင်းစာတစောင်ရဲ့ သတင်းထောက် ၉ ဦး နိုဝင်ဘာ ၅ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အဲ့ဒီ ဂျန်ယူရီယက် Cumhuriyet သတင်းစာရဲ့ အယ်ဒီတာ၊ နာမည်ကျော် ကာတွန်းရေးဆရာနဲ့ ပင်တိုင်အတိုက်အခံဆောင်းပါးရှင်တို့ ၃ ဦးလည်း ပါဝင်ပါတယ်။ တူရကီသမ္မတ အာဒဝမ်ကို ဝေဖန်တိုက်ခိုက်သူတွေ ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းခံရတာမှာ အခု သတင်းစာဆရာတွေ နောက်ဆုံး ဖမ်းဆီး ထိန်းသိမ်းခံရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ကာဒ့်လူမျိုးစုတွေကို ထောက်ခံတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် ၂ ဦး အပါအဝင် ပါတီဝင် ၉ ဦး ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာလည်း အဲ့ဒီပါတီရဲ့ အက်ဒနာ Adana ပြည်နယ် ပါတီခေါင်းဆောင်တွေ အပါအဝင် ပါတီခေါင်းဆောင် ၉ ဦး ထပ်ပြီး ဖမ်းဆီးခံရပါတယ်။ အခု သတင်းစာဆရာတွေ ဖမ်းဆီးခံရတဲ့ ဂျန်ယူရီယက်သတင်းစာဟာ သမ္မတ အာဒဝမ်ကို ဝေဖန်တဲ့ သတင်းမီဒီယာ အနည်းအကျဉ်းထဲက သတင်းစာတစောင် ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းစာဆရာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံရတဲ့ ဘာသာရေးခေါင်းဆောင် ဖာတူလာ ဂူလမ်နဲ့ ပတ်သက်ဆက်နွှယ်တယ် ဆိုပြီး စွဲချက်တင်ခံရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က သမ္မတ အာဒဝမ်ကို ဖြုတ်ချဖို့ မအောင်မြင်တဲ့ စစ်အာဏာပိုင်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်း လူ ၃၇၀၀၀ ကျော် ဖမ်းဆီးခံရပါတယ်။
6 years Ago
Up