သတင်းဆောင်းပါး

December 26, 2017

မရဘဲ နာနေရ၊ ကျောက်စိမ်း ရတနာမြေ ဘဝ

ချောက်ကမ်းပါးကနေ ပေ ၄၀ကျော်အကွာက မူကြိုကျောင်းလေး။ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ် သုံးကျိပ်လောက်ဟာ ပေပေါင်း ၅၀၀ ကျော်နက်တဲ့ မြေအစွန်းပိုင်းက ခြေတံတို ပျဉ်ထောင်အဆောက်ဦတခုမှာ အကာရန်မရှိ ကျောင်းနေ ကလေးဘဝကို ဖြတ်သန်းနေတာပါ။ "အစက ဝန်းခတ်ထားတယ်။ နောက်ပိုင်း မြေစာဖို့တယ်ဆိုတော့ ဝန်းမခတ်ထားဘူးလေ။ အခု အောက်ကို ဆင်းမဆော့ခိုင်းဘူး။ သေးပေါက်သွားရင် မှာထားတယ်။ ဟိုဘက်ကို မကျော်ရဘူး။ ကျော်ရင်ရိုက်မယ်လို့ နည်းနည်းပါးပါး ခြောက်ထားရတယ်" လို့ အစိုးရက ဖွင့်လှစ်ထားတဲ့ ဟင်းတင့်ရွာ မူကြိုကျောင်းဆရာမက ပြောပါတယ်။ ချောက်ကမ်းပါးအစွန်းပေါ်ကကြည့်ရင် ဝါဖန့်ဖန့်စမ်းချောင်းနားမှာ မြေသယ်ယာဉ်တွေက ဥဒဟို ဘယ်ညာ ဟိုဒီ သွားလာနေပါတယ်။ တောင်တွေကို ဟင်းရည်ပန်းကန်လုံးလို တူးဖော်ထားသလို သစ်ပင်ကင်းစင်တောင်ကို လှမ်းမြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ လုံးခင်း-ဖားကန့် ရတနာနယ်မြေက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေပါ။ ဒီလိုမြင်ကွင်းကို မျက်စောင်းထိုးကြည့်မလွဲ တွေ့နိုင်တာပါ။ ဖားကန့်မြို့နယ်နေ ကိုမိုးထက်က "ချောင်းတွေမှာ မြေစာပုံတွေ စွန့်ပစ်ကြတာ။ ချောင်းကြမ်းပြင်က မြင့်တက်လာတယ်။ မိုးရာသီဆိုရင် ရပ်ကွက်တချို့ ရေနစ်ကုန်ပြီ။ အဲ့လိုနဲ့ ကုန်းမြင့်တွေပေါ်ပြောင်းရင်း ချောက်ကမ်းပါးစွန်းပေါ်မှာ တည်ရှိနေတဲ့ အခြေခံပညာကျောင်းတွေ၊ လူနေရပ်ကွက်တွေ တနေ့တခြား များပြားလာပြီ" လို့ ပြောပါတယ်။ လုပ်ကွက်တချို့ဟာ ဥရုချောင်းကိုဖြတ်ကျော်ပြီး မြေစာပစ် ယာယီတံတားတွေ ပြုလုပ်ပြီး စွန့်ပစ်ကြပါတယ်။ ချောင်းတွင်း ကျောက်တုံးကြီးတွေချပြီး အကြီးအသေးအလိုက် ရေထွက်ပေါက်ချန်ကာ ဆည်တမံလို တံတားတွေဖြစ်ပါတယ်။ ချောင်းရေပိတ် ယာယီချောင်းကူးတံတားတွေကြောင့် သီးနှံစိုက်ခင်း ရေနစ်မြုပ်တာနဲ့ ရပ်ကွက်ကျေးရွာတွင်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်တာ ၆ နှစ်ရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။ "အရင်က ချောင်းထဲဆင်းဖို့ လှေကားထောင်ဆင်းရတယ်။ အခု ချောင်းနဲ့စိုက်ခင်းက တညီတည်းဖြစ်နေတော့ စိုက်ခင်းထဲ ရေဝင်ရင် တော်တော်နဲ့မကျဘူး။ နုံးတင်လေ ပိုဆိုးလေ။ ထယ်တောင် အထိုးရခက်တယ်ကွယ်" လို့ ဥရုချောင်းရေကို အားထားပြီး မိဘလက်ထက်ကတည်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူ မခမ်းဟွမ်က နှစ်စဉ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကို ပြောပြပါတယ်။ ဖားကန့်မြို့နယ်မှာ ချောင်းတွေကောလာပါတယ်။ လုံးပတ် ငါးပေပတ်လည် သစ်ပင်တွေလည်း မရှိသလောက် ဖြစ်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသရာသီဥတု အပူအအေးပြောင်းလဲတာ မြန်လာသလို ညပိုင်း အေးပြီဆို ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ပြီး နေ့ခင်း အပူချိန်ပြင်းချိန်မှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ "ဥရုချောင်းလက်တက် စီးဆင်းမှုက ၂၁ ခုရှိတယ်။ ဒီနေ့အနေထားမှာ ပျက်စီးမှုတွေများလို့ ချောင်းလက်တက် မတွေ့ရသလောက် ဖြစ်သွားပြီ။ သစ်တောပြုန်းတီးမှုကလည်း အများကြီးပဲ" လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Green Land က တာဝန်ခံ ကိုနောင်လတ်က ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေ တွေ့ရှိခဲ့ရတာကို ပြောပြနေတာပါ။ လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေက ကျောက်စိမ်းကြောရှိမယ့် နေရာမှန်သမျှကို စက်ယန္တရားတွေနဲ့ တူးဖော်ကြပါတယ်။ ကျောက်တူးဖော်ရေး ကုမ္ပဏီ အားလုံးနီးပါးက ကျောက်ကြောထွက်ရှိမယ့် မြေနေရာကို ဘူမိဗေဒ သတင်းအချက်အလက် စမ်းသပ်မှု၊ စုဆောင်းမှု အားနည်းတယ်လို့ ပုဂ္ဂလိက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှာ တူးဖော်ပြီး ကျောက်စိမ်းတုံးကို သုံးနှစ်ကျော်ကြာ စာရင်းမှတ်ပေးခဲ့သူ ကိုမင်းက ဆိုပါတယ်။ "အကျိုးတူကုမ္ပဏီတွေမှာ ဘူမိဗေဒကျောင်းဆင်းတွေကို နယ်မြေကြီးကြပ် အနီးကပ်ကြီးကြပ် ခန့်ထားတာတွေရှိတယ်။ ဒါပေမယ့် အရင်ခေတ် လက်ကျင်းတွေတူးတဲ့သူဆီက ဘယ်မှော်က အလုံးကြီးထွက်တယ်၊ အကြောထွက်တယ်၊ မှော်ကြောနှံ့စပ်တဲ့သူဆီက အကြံဉာဏ်ယူလုပ်ကြတာ များတယ်။ အရင်လူတွေက အပေါ်ယံပဲ သိတာလေ။ အောက်အနက် မသိတော့ အခုလုပ်ငန်းလုပ်သူတွေက စက်ယန္တရားတွေနဲ့ အကုန်တူးတယ်" လို့ တွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။ ကချင်ပြည်နယ်မှာ ရတနာနယ်မြေကို သုံးပိုင်းခွဲထားပါတယ်။ လုံးခင်း-ဖားကန့် ရတနာနယ်မြေ၊ မော်လူး-မော်ဟန် ရတနာနယ်မြေ၊ နန့်ယားဆိပ်ဒေသ ရတနာနယ်မြေတွေ ဖြစ်ပါတယ်။ ရတနာနယ်မြေ သုံးခုလုံးမှာ လုပ်ကွက်ပေါင်း တသောင်းကျော်ရှိပါတယ်။ ၂၀၁၇ မှာ သက်တမ်းတိုးခွင့် မရှိတဲ့အတွက် လက်ရှိမှာ လုပ်ကွက်ပေါင်း ၁၃၀၀ ကျော်က စက်ယန္တရားပေါင်း တသောင်းကျော်နဲ့ တူးဖော်နေကြပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကနေ စွန့်ပစ်မြေစာကို ဖားကန့်မြို့နယ်က ဥရုချောင်းမှာ စွန့်ပစ်တာရှိသလို ကုမ္ပဏီလုပ်ကွက်တွေမှာလည်း ဝန်းခတ်ပြီး မြေစာပုံတွေ ရှိပါတယ်။ တူးဖော်ပြီး ကျောက်မြေစာပုံမှာ ကျောက်စိမ်းအပိုင်းအစတွေ ကျောက်ခဲနဲ့အတူ ကျောက်စိမ်းတုံးတွေကို ရေမဆေးသမားတွေက ရှာကြပါတယ်။ ကျောက်မြေစာပုံကနေ အရည်သွေးကောင်း ကျောက်ကောင်းတွေ ရှာတွေ့ချိန်မှာ ရေမဆေး ကျောက်သမားတွေက ကျပ်သိန်းပေါင်း ဆယ်၊ ရာ၊ ထောင်ဂဏန်း ရတာတွေ ရှိပါတယ်။ မြေစာပုံတွေဟာ ပေ ၄၀၀ ကျော်ထိမြင့်တာတွေရှိလို့ အခန့်မသင့်ချိန် မြေစာပုံပြိုကျချိန်မှာ အသက်သေဆုံးမူတွေ အများအပြား ရှိလာပါတယ်။ "စက်ယန္တရားတွေနဲ့ လုပ်တဲ့ခေတ်မှ လူသေတာ ပိုများလာတာ။ လက်ဝတ် လက်ကျင်း ခေါက်စား လုပ်တဲ့ခေတ်ကဆို ကျင်းကျ ပိတာသေတာ တော်တော်လေး ခပ်ရှားရှားပဲ" လို့ နှစ် ၂၀ လောက် ဖားကန့်မှာ ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမောင်မဲက ပြောပါတယ်။ ကျောက်တူးဖော်ရေး မြေစာပုံမှာ အိပ်မက်ကိုယ်စီနဲ့ စားဝတ်နေရေး ဖြေရှင်းနေသူ ရေမဆေးတွေထဲမှာ ကလေးလုပ်သားတွေ အများအပြား လုပ်ကိုင်နေတာကိုလည်း တွေ့နေရပါတယ်။ မန္တလေးမှာ မိဘနှစ်ပါးရှိပေမယ့် ဖားကန့်ဒေသမှာ အမတွေနဲ့ အတူနေပြီး ရေမဆေးဘဝကို ဖြတ်သန်းနေတဲ့ အသက် ၁၁ နှအရွယ် မောင်နေမျိုးအောင်က "ကျောက်ဝယ်ပြီး တရုတ်ပို့မယ်။ ကျောင်းမနေချင်ဘူး။ ပညာတတ်ကြီးလည်း မဖြစ်ချင်ဘူး။ ကျောက်ရှာတာပဲ ဝါသနာပါတယ်။ ကျောက်ရှာမှ ပိုက်ဆံရမှာလေ။ သားက လောပန်းလုပ်ချင်တာပဲသိတယ်" လို့ ပဉ္စမတန်းနဲ့ ကျောင်းထွက်ပြီး မြေစာပုံမှာ ကျောက်ကောက်နေရတာကို ပျော်ရွှင်တယ်လို့ ပြောပါတယ်။ ကျောက်တူးဖော်ရေးလုပ်ငန်းကနေ လူမှုဘဝ ထိခိုက်တာတွေ ရှိလာတယ်ဆိုပြီး အရင် တနေ့နှစ်ကြိမ် တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးသမားတွေကို ကျောက်ရှာခွင့်ပေးခဲ့ပေမယ့် အခု ညနေပိုင်း ၂ နာရီသာ ခွင့်ပြုပေးထားပါတယ်။ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက "ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ ရေမဆေးတွေ ကျူးကျော်ဝင်ရောက် လာရှာတာက ကုမ္ပဏီရော နိုင်ငံတော်ပိုင်းမှာပါ ထွက်ရှိလာတဲ့ ကျောက်အပေါ် ရရှိမယ့် အခွန်ငွေ ဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်တယ်" လို့ ဆိုပါတယ်။ ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ တူးဖော်နေတဲ့ ကုမ္ပဏီလုပ်ကွက်အတွင်းကို သက်တမ်းကုန်လုပ်ကွက်က စက်ယန္တရားယာဉ်တွေ ဖြည့်တင်းပြီး စည်းကမ်းမဲ့ အလွန်အကျွံ ကျောက်စိမ်းတူးဖော်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ မြေသယ်ယာဉ်တစ်စီးက တနေ့ကို ဆီပေပါ ၅ လုံးကုန်တယ်လို့ ယာဉ်မောင်းတဦးက ဆိုပါတယ်။ လက်ရှိ ကျောက်တူးဖော်ရေး လုပ်ကွက်အားလုံးက ယာဉ်အစီးပေါင်း တသောင်းနဲ့ လောင်စာဆီကုန်ကျမှုနှုန်းထားကို တွက်ချက်ရင် လောင်စာဆီအသုံးပြုမှု ၁၆၄ ဆဟာ ဖားကန့်မြို့နယ်ရဲ့ တနှစ်စာ ပညာရေးအသုံးစရိတ် ချပေးထားမှုနဲ့ ညီမျှနေပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သုတေတနပြု လေ့လာသုံးသပ်နေတဲ့ Global Witness အဖွဲ့က ၂၀၁၄ ခုနစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှုက ရရှိတဲ့ တန်ဖိုးငွေဟာ ဒေါ်လာ ၃၁ ဘီလီယံကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၄၈ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ် ရတနာမြေဟာ စစ်တပ်နဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအကြားမှာ ရှိနေပါတယ်။ ဒေသမှာ ကျောက်စိမ်းလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေသူ အများစုဟာ လုပ်ငန်းတခုအောင်မြင်ရင် ၁၀ ရာခိုင်နှုန်းကို အဖွဲ့တခုကို  မဖြစ်မနေ ပေးရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌက "ဒီမှာ လိုအပ်တာက တရားဥပဒေစိုးမိုးရေး အဓိကပဲ။ လူတဦးသေရင် ခွေးတကောင်သေသလောက်ပဲ။ လေးလေးနက်နက် ဆောင်ရွက်တာမရှိဘူး။ ပြည်သူပြည်သားများအတွက် လုံခြုံရေးကို အတတ်နိုင်ဆုံး ထည့်သွင်းဆောင်ရွက်ပေးနိုင်ရင် အကောင်းဆုံးပဲ။ နောက်ပြီး မူးယစ်ဆေးရောင်းချတာတွေလည်း လျော့သွားတာ မရှိဘူး" လို့ ဆိုပါတယ်။ ဒီနှစ် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းဝေးမှာ ကိုယ်စားလှယ် ဦးတင့်စိုးက ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လက်ရှိအခြေအနေတွေကို လွှတ်တော်မှာ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နိုင်ဖို့ လုပ်ကွက်တွေကို ပြည်သူအများ မသိရှိအောင် လက်ရှိအစိုးရ လက်ထက်မတိုင်ခင်က ချပေးတာတွေ ရှိခဲ့ပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီ မြောက်မြားစွာရှိပေမယ့် ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်လို့ အရေးယူတာ မရှိသလောက် ဖြစ်နေပါတယ်။ ဒေသခံ ကျောက်ဝိုင်း အရောင်းအဝယ်လုပ်သူတွေနဲ့ ရေမဆေးသမားတွေကို မလိုရင် မလိုသလို ကျောက်မျက်ဥပဒေ ၄၂(က) နဲ့ အရေးယူခံနေရတာ အချုပ်ခန်းထဲမှာ အများကြီးရှိတယ်လို့ သိရပါတယ်။ "နိုင်ငံရဲ့ချွတ်ခြုံကျနေတဲ့ စီးပွားရေးကို ကျောက်စိမ်းကရတဲ့ငွေက တော်တော့်ကို တွန်းအားဖြစ်စေနိုင်တယ်။ တိုင်းပြည်ကို တိုးတက်စေနိုင်တယ်။ ဒါပေမယ့် အဓိကတာဝန်ရှိတဲ့ ဌာနက အလုပ်မလုပ်လို့ ခက်တယ်။ အခု ကျနော်တို့ ရနေတာက ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ ရတာ။ နိုင်ငံကထွက်သွားတာ ဆင်ကောင်လုံးလိုက်ကြီး" လို့ ဒေသခံ လွှတ်တော်အမတ် ဦးတင့်စိုးက ပြောပါတယ်။ နိုင်ငံခြားသားတွေကို ရတနာနယ်မြေ မဝင်ရဘူးလို့ ကန့်သတ်ချက်ရှိပါတယ်။ ဒါပေမယ့် ကျောက်တူးဖော်ရေး ကုမ္ပဏီတွေမှာ စက်ယန္တရားတွေ ပြင်ဆင်ပေးနေတဲ့ တရုတ်နိုင်ငံသားတွေ ရှိတယ်လို့ ဖားကန့်ဒေသ လဝက အရာရှိတဦးက ပြောပါတယ်။ "သွားရောက်စစ်ရင် ကိုယ်စားလှယ်နဲ့ကို မတွေ့ရဘူး။ အပေါက်စောင့်ကနေ တံခါးဖွင့်မပေးဘူး။ ဖွင့်ပေးမယ်ဆိုရင်တောင် ခဏစောင့်အုံးတို့။ ခဏက နာရီဝက်လောက်ကြာတယ်။ ကုမ္ပဏီခြံဝန်းက ကျယ်တော့ နိုင်ငံခြားသားတယောက်ရှိရင် ကြိုက်တဲ့နေရာမှာ ဖွက်လို့ရသွားပြီ။ ရှောင်တိမ်းချိန် ရသွားပြီ။ ဒီမှာ လုပ်ရကိုင်ရတာ တော်တော်ကြပ်တယ်" လို့ ဆိုပါတယ်။ ဒီနှစ်အတွင်း တူးဖော်ရေးကုမ္ပဏီတခုက တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိလို့ အရေးယူနိုင်ခဲ့ပေမယ့် ဒဏ်ငွေ ကျပ် ၁၀ သိန်းနဲ့ အမှုပြီးသွားတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာ ကျောက်မျက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားတွေ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိတာ၊ စူးစမ်းရှာဖွေခြင်းနဲ့ feasibility လိုင်စင်ချထားပေးမှု မရှိတာ၊ အခွန်ကောက်ခံခြင်းနဲ့ တန်ဖိုးဖြတ်ခြင်းဖြစ်စဉ်တွေ မရှင်းလင်းခြင်းနဲ့ အခြားဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာ၊ လက်လုပ်လက်စား ကျောက်တူးသူတွေအတွက် တာဝန်နဲ့ ရပိုင်ခွင့်တွေ မရှင်းလင်းတာ၊ ESIAs, HSE လုပ်ဆောင်မှု ဒီဇိုင်းနဲ့ပတ်သက်တဲ့ ရှင်းလင်းမှုတွေ မရှိတာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အားနည်းတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ သယံဇာတ စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်းစုံက ကျွမ်းကျင်သူ ၁၅၀ ဦး သုတေသနပြုချက်ကို ပြန်လည်စစ်ဆေးတဲ့ NRGI အဖွဲ့အစည်းရဲ့ နိုင်ငံတော်အစိုးရအပေါ် အကြံပြု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျောက်စိမ်းနယ်မြေရဲ့ မျိုးဆက်သစ် လူချွန်လူကောင်းတွေ မွေးထုတ်ပေးမယ့် အခြေခံကျောင်းတွေမှာ တံခါးပေါက်ကို ကျောက်တုံးခုထားပြီး အတန်းတခုနဲ့တခု ဒိုးယိုပေါက် လှမ်းမြင်ရ၊ ကြားရတဲ့ ကျောင်းဆောင်တွေ ဆရာဦးရေ မလုံလောက်တာနဲ့ အားကစားကွင်း မရှိတာတွေ၊ အရေးပေါ် ကျန်းမာရေးဆေးခန်းတွေ အလုံအလောက် မရှိတာတွေ ဖြစ်ပေါ်နေပါတယ်။ "ပြည်နယ်က ထောက်ပံ့ပေးတာ ဘာတခုမှမရှိဘူး။ လက်ရှိ မူကြိုဆရာမတွေကို ရပ်ရွာက ခန့်အပ်ထားတာ။ အရင် မြန်မာတကောင်းက ရေစင်အသေးလေးလှူတာရှိတယ်။ ရွာကို ရေပေးတဲ့သူက ကုမ္ပဏီမှာ ကားမှောက်လို့သေပြီး ကူညီသူမဲ့သွားတယ်။ နောက်ကုမ္ပဏီတွေက ဘာမှမလုပ်ပေးဘူး" လို့ ဟင်းတင့်ကျေးရွာ ရာအိမ်မှူးက အားမလိုအားမရ လေသံနဲ့ပြောဆိုလိုက်ပါတယ်။ သတင်းဆောင်းပါး - တာရာ  
4 years Ago

August 4, 2017

အသွင်ပြောင်းလဲရမယ့် ရခိုင်ရေလုပ်ငန်း

ရေချမ်းပြင်ချောင်းဝက မေယုကျွန်းအနီးထိ သွားရောက်ပြီး ကျားပိုက် ထောက်ခဲ့ပေမယ့် ငါးရရှိမှုဟာ ထုံးစံအတိုင်း နည်းပါးခဲ့ပြီးဖြစ်တယ်လို့ ဦးအုန်းဌေးက ဆိုပါတယ်။ ငါးဖမ်းလုပ်သက် ၃၀ ရှိပြီဖြစ်တဲ့ သူ့အတွေ့ကြုံအရ ငါးရရှိတဲ့ နေရာတွေဟာ သူနေထိုင်ရာ အုန်းရေဘော်ကျေးရွာနဲ့ တဖြည်းဖြည်း ဝေးလာတာကို သူ သတိထားတာမိတယ်လို့ ပြောပါတယ်။ “အရင်တုန်းကဆိုရင် ဒီစက်လှေ နစ်မြုပ်မတတ်ပါဘဲ။ ငါးတွေရဲ့ အလေးချိန်ကြောင့် လှေပေါ်မှာ အနည်းဆုံး လူ သုံးလေးဦးတော့ ခေါ်သွားရတယ်။ ငါးတွေများတော့ ကျားပိုက်ကလည်း လေးတယ်။ တယောက်တည်း မနိုင်ဘူး။ အခုက သားနဲ့ပဲ အတူသွားပြီး ပိုက်တွေကို သွားဖော်တယ်။” ငါးတွေရရှိမှု နည်းလာတာနဲ့အတူ ဒေသမတည်ငြိမ်မှုကလည်း အုန်းရေဘော် ကျေးရွာသားတွေအဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ဦးအောင်ဌေးလို မေယုကမ်းအနီးထိ ပိုက်တွေကို သွားချကြပေမယ့် ရေပြင်မှာရှိတဲ့ လုံခြုံရေး(နေဗီ) သင်္ဘောတွေက မြင်တွေ့ရင် ခွင့်မပြုဘူးလို့  ကိုအောင်ကျော်နိုင်က သူတို့တွေရဲ့ အခက်အခဲကို ရှင်းပြပါတယ်။ “မောင်တောမှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အပြီးမှာ ပင်လယ်ပြင်လုံခြုံရေးအရ ဆိုပြီး သူတို့က ကျနော်တို့ကို မေယုကျွန်းအနီးမှာ ပိုက်ချခွင့်မပေးဘူး၊ ကုလားတွေ လာတယ်လို့ ပြောတယ်။ ပြဿနာဖြစ်မှာစိုးလို့ လုပ်ခွင့်မပေးဘူး။” ငါးတွေရရှိမှု နည်းပါးလာတာနဲ့အတူ လုံခြုံရေးအခြေအနေတွေအရ ငါးဖမ်းနေရာ သတ်မှတ်မှုကလည်း တနိုင်တပိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အုန်းရေဘော် ကျေးရွာသားတွေအတွက် အခက်အခဲ ရောက်ရှိကြရပါတယ်။ ငါးဖမ်းပိုက်ကိရိယာတွေ လုံလောက်မှု မရှိတာက အခက်အခဲတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကျေးရွာထဲမှာ ရေလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာပြီး ၁၄ မိုင်ခန့်သာဝေးတဲ့ စစ်တွေမြို့ထဲကို သွားရောက်ပြီး ကျပန်းလုပ်ကိုင်ကြတယ်လို့ အုန်းရေဘော်ရွာသားတွေက ဆိုကြပါတယ်။ ရေလုပ်သားများ ရှားပါးလာခြင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ရေလုပ်ငန်းဟာ အရေးပါတဲ့ စီးပွားရေးတခုပဲ ဖြစ်ပါတယ်။ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ဒေသတွေအဖြစ် ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်း၊ မွန်ပြည်နယ်တို့ ဖြစ်ကြပါတယ်။ ရေလုပ်ငန်းဟာ ရခိုင်ပြည်နယ်ရဲ့ ဒုတိယဝင်ငွေ အများဆုံးလုပ်ငန်းလည်း ဖြစ်ပါတယ်။ ၂၀၁၄-၁၅ ခုနှစ်မှာဆိုရင် ရခိုင်ဒေသ ရေလုပ်ငန်းက နိုင်ငံခြားကို တရားဝင် တင်ပို့ရောင်းချငွေ ၈ ဒသမ ၃၂၈ သန်း ရှာဖွေနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ရေလုပ်ငန်းဦးစီးဌာန မှတ်တမ်းတွေအရ သိရှိရပါတယ်။ ၂၀၁၆-၂၀၁၇ နှစ်မှာတော့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုဟာ ၆ ဒသမ ၉၇၇ သန်းသာ ရရှိလာပါတော့တယ်။ တင်ပို့မှု လျော့နည်းလာခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ ဒေသမတည်ငြိမ်မှုကြောင့်ဖြစ်တယ်လို့ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညွန့်ဝေက သုံးသပ်ပါတယ်။ “ဒေသတည်ငြိမ်ရင်တော့ ရေလုပ်ငန်း ပြည်ပတင်ပို့မှုက ပြန်ပြီး တက်လာနိုင်ပါတယ်၊ ၂၀၁၆ ထဲမှာက နယ်မြေ မတည်ငြိမ်မှုကြောင့် ငါးဖမ်းရာသီမှာ ငါးဖမ်းထွက်ခွင့် မပြုခဲ့ရတဲ့ အခြေနေတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်ပါ။” ရေလုပ်ငန်း ကျဆင်းလာတာနဲ့အတူ ရေလုပ်သား ရှားပါးမှုဟာလည်း တိုးမြင့်လာပါတယ်။ ရခိုင်ရေလုပ်ငန်းငါးဦးစီးဌာနရဲ့ ၂၀၁၀ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ ရေလုပ်သားဟာ သုံးသိန်းခန့် ရှိခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကို ရေလုပ်သားတွေရဲ့ အခြေအနေကို မေးမြန်းကြည့်တဲ့အခါ ရေလုပ်သား မှတ်ပုံတင်ပြုထားသူ ၂၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူဟာလည်း ၁ ဒသမ ၂ သန်းရှိတယ်လို့ ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက ဖော်ပြထားပါတယ်။ သံတွဲမြို့နယ်က ငါးဖမ်းစက်လှေ ထောင်ထားတဲ့ အမျိုးသမီးတဦးဖြစ်သူ  ဒေါ်တင်သီတာက ရေလုပ်သားတွေ ရှားပါးလာတာနဲ့ ပတ်သက်ပြီး သူ ရင်ဆိုင်နေရတာကို ပြောပြပါတယ်။ “ပင်လယ်ပြင်ကို ထွက်မှ ငွေ ၃၀၀၀ လောက်ရတဲ့ အလုပ်ကို ဘယ်သူမှ မလုပ်ချင်ကြတော့ဘူးလေ၊ တရက် သုံးထောင်ဆိုတော့ အိမ်ရဲ့ စားဝတ်နေရေးကိုလည်း မလောက်ငဘူးလေ။” “ဒါကြောင့် လမ်းခင်းတဲ့နေရာတွေ၊ ဆောက်လုပ်တဲ့ နေရာတွေမှာ တရက်ကို ငါးထောင်ပေးမယ်၊ ခုနှစ်ထောင်ပေးမယ်ဆိုတော့ လိုက်သွားကြတယ်၊ ကျမတို့က တင်ပေးဖို့ကျတော့လည်း ငါးတွေက အရင်လို မရတော့ဘူး။ ငါးမျိုးစိတ်တွေက ပျောက်လာတာကို တွေ့ရတယ်။” စက်သုံးဆီတွေ ဈေးတက်လာတာနဲ့အတူ ဖမ်းဆီးတဲ့ ငါးတွေကလည်း ပြန်ပြီး ရောင်းချတဲ့အခါ ဈေးနှုန်းတွေ မြင့်လာတာကြောင့် စားသုံးသူတွေက ဝယ်ယူမှု နည်းပါးလာတယ်လို့လည်း  ဒေါ်တင်သီတာက ဆိုပါတယ်။ ရေလုပ်သားတွေ ရှားပါးလာတာဟာ ပင်လယ်ပြင်မှာ တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ဖြစ်တယ်လို့လည်း ကျန္တလီမြို့နယ်က ရေလုပ်ငန်းပိုင်ရှင် ဦးစိုးလွင်က ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်သားတွေ ကြုံတွေ့ရတာကို ပြောပါတယ်။ အထူးသဖြင့် တရားမဝင် ငါးခိုးဖမ်းလှေတွေဟာ ဒေသတွင်း ငါးဖမ်းလှေတွေက ချထားတဲ့ ပိုက်တွေကို စက်အားနဲ့ ဖော်ယူကြပါတယ်။ ဒေသတွင်း ငါးဖမ်းလှေတွေက  ဖမ်းဆီးဖို့ ကြိုးစားကြတဲ့အခါ ငါးခိုးဖမ်းတဲ့ စက်လှေတွေရဲ့အားကို လိုက်မမီကြဘူးလို့ သူတို့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖွင့်ဟပါတယ်။ “သူတို့တွေမှာက စက်ကြီးကြီးတွေ။ ကျနော်တို့က ဘယ်လိုမှ လိုက်မမီဘူး။” မိရိုးဖလာကို မစွန့်ခွာသေးတဲ့ မွေးမြူရေးကန်များ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ကျဆင်းလာမှုကို တွေ့မြင်ရသလို မွေးမြူရေး လုပ်ငန်းတွေဟာလည်း တိုးတက်ဖြစ်ထွန်းမှု နည်းပါးနေတယ် ဆိုတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ သဘာဝအရင်းအမြစ်များအရ ရခိုင်ဒေသမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်တာမှာ ရေငန်ပုစွန်မွေးမြူရေးနဲ့ ရေချိုငါးလုပ်ငန်း လုပ်ကိုင်ကြတာကို အနည်းငယ် တွေ့ရှိရပါတယ်။ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အများစုဟာ ကန်အနားသတ် ကန်ဘောင်တွေကို စက်ယန္တရားတွေနဲ့ မြေသားဖို့ယူခြင်းမရှိဘဲ ရိုးရာနည်းလမ်းတွေအတိုင်း အမြင့်ပေ ၁ တောင်ဝန်းကျင်သာ အများဆုံး ပြုလုပ်ထားကြပါတယ်။ ဒီလိုအခြေအနေတွေဟာ ပင်လယ်ရေဝင်ရောက်ဖို့ အလွယ်ကူဆုံး ဖြစ်တယ်လို့ ဒေါက်တာညွန့်ဝေက ထောက်ပြပါတယ်။ “သာမန် ရာသီဥတုအနေထားမှာတောင် ဒီရေတက်ရင် ရေတွေက အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ရေတွေဝင်ရောက်ပြီး ပြန်ထွက်သွားတဲ့အခါလည်းပဲ ပုစွန်သားပေါက်တွေ အကုန်လုံးပါသွားတော့ ပုစန်ကန်တွေ ပျက်ပြီပေါ့။” ဒီလိုအနေအထားတွေကြောင့်လည်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မိုရာမုန်တိုင်းမှာ  ရခိုင်ဒေသက ပုစွန်ကန် ဧရိယာပေါင်း ၄၃၁၁ ဒသမ ၃၇ ဧက ပျက်စီးခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ဆုံးရှုံးမှုတန်ဖိုးဟာလည်း  ကျပ်သိန်းပေါင်း ၃ ထောင်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀ ဂီရိမုန်တိုင်းဒဏ်ကြောင့်လည်း ရခိုင်ဒေသက ပုစွန်ကန်တွေဟာ အများအပြား ပျက်စီးခဲ့ရပါတယ်။ ကျောက်ဖြူဘက်က ပုစွန်ကန်တွေဆိုရင် ဧက ၁၈၁၁၁ ကျော် ရှိခဲ့ပေမယ့် လက်ရှိမှာ ၅၀၀၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ပုစွန်ကန် လုပ်ကိုင်သူတွေဘက်ကတော့ စက်ယန္တရားတွေနဲ့ ကန်ဘောင်တွေကို မြင့်မားပြီး ရေမကျော်နိုင်အောင် လုပ်ကိုင်လိုကြပေမယ့် ကုန်ကျစရိတ် ကြီးမားတာကြောင့် အခက်အခဲရှိကြတယ်လို့ ၂၀၁၇ ဒုတိယကြိမ်မြောက် ပထမအကြိမ် အစည်းအဝေးမှာ ရခိုင်ပြည်နယ် လယ်ယာသားငါး ဆည်မြောင်းကော်မတီက တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပုစွန်မွေးမြူရေးကန်တွေ ပြန်လည်ပြီး လုပ်ကိုင်သူ နည်းပါးလာတာဟာ ပုစွန်သားပေါက်တွေ မရရှိတဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့လည်း ပုစွန်မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက သူ တွေ့ရှိချက်ကို ဆိုပါတယ်။ “ပုစွန်သားပေါက်တွေက လိုသလောက် မရနိုင်ကြဘူး။ တချို့က ပင်လယ်ရေက ပုစွန်သားပေါက်ကိုပဲ ပြန်ပြီး မွေးမြူကြတယ်။ အဓိက နည်းပညာ အခက်အခဲတွေလည်း ပါတာပေါ့။” ရခိုင်ပြည်နယ်မှာ ပုစွန်သားပေါက် ထုတ်လုပ်စခန်းဟာ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော၊ မောင်တောတို့မှာရှိပြီး သားပေါက်တွေကို လိုအပ်သလောက် ထုတ်ပေးနိုင်တယ်လို့လည်း ငါးလုပ်ငန်းဦးစီးဌာနက ပြည်နယ်ညွန်ကြားရေးမှူး ဒေါက်တာညွန့်ဝေကတော့ ဆိုပါတယ်။ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းမှသည် မွေးမြူရေးဆီသို့ အုန်းရေဘော်ကျေးရွာက ဦးအောင်ဌေးကတော့ ငါးတွေဖမ်းဆီးဖို့ ငါးဖမ်းပိုက်အကူ ကိရိယာတွေနဲ့ ဒေသမတည်ငြိမ်မှု အခက်ခဲတွေကြောင့် ငါးဖမ်းလုပ်ငန်းကို စွန့်ခွာဖို့ စိတ်ကူးမိတယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ ငါးတွေဆိုရင်လည်း ရန်ကုန်ဘက်က ဝင်ရောက်တဲ့ ငါးတွေနဲ့အတူ ပြိုင်မရောင်းနိုင်တာကြောင့်လို့ ဆိုပါတယ်။ ရခိုင်ဒေသမှာ ရန်ကုန်ဘက်ကနေ ငါးတွေဝင်ရောက်မှုဟာ ၂၀၁၂ အရေးအခင်းအပြီးကနေ တွေ့ရှိလာရပြီး ၂၀၁၆ မှာဆိုရင် မြို့ပြနဲ့ဝေးတဲ့ ကျေးလက်တွေမှာပါ ဝယ်ယူရရှိနေပြီ ဖြစ်တယ်လို့ မြေပုံမြိုနယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက ဆိုပါတယ်။ “ရေခဲတွေရိုက်ပြီး ကြာရှည်ခံတော့ ငါးတွေကို ကျေးလက်တွေအထိ ရောင်းချကြတယ်။ မွေးမြူရေးငါးတွေ များတာကို တွေ့ရပါတယ်။” ငါးတွေရရှိလာပြီဆိုရင်လည်း တာရှည်ခံအောင် ထိန်းသိမ်းဖို့နဲ့ ကုန်ကြမ်းကို ထုပ်ပိုးမယ့်စက်ရုံ နည်းပါးခြင်းကလည်း ရေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် အခက်အခဲတခုပဲ ဖြစ်ပါတယ်။ ၂၀၀၅-၂၀၀၆ မှာဆိုရင် ရခိုင်ဒေသမှာ အအေးခန်းစက်ရုံဟာ ၁၈ ခုအထိ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ၁၁ ခုသာ ကျန်ရှိပါတော့တယ်။ ရေခဲစက်ရုံတွေဟာလည်း ၂၀၀၅-၂၀၀၆ မှာ ၆၀ အထိရှိခဲ့ပြီး ၂၀၁၀ မှာတော့ စက်ရုံ ၃၉ ခုသာ ကျန်ရှိတော့တယ်လို့ ရခိုင်ပြည်နယ် ရေလုပ်ငန်းနဲ့ပတ်သက်ပြီး တင်ပြထားတဲ့ မြန်မာသုတေသနဂျာနယ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အအေးခန်းစက်ရုံတွေ ပြန်ပြီးရှိလာအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးဖို့ ဆောင်ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက ဆိုပါတယ်။ ပြည်နယ် စီမံနဲ့စီပွားဝန်ကြီး ဦးကျော်အေးသိန်းက ရခိုင်ဒေသမှာ ရေချိုငါး မွေးမြူရေးကန်တွေ ပေါ်ပေါက်ရေး စီမံကိန်းတွေ ရှိတယ်လို့ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်ကို ပြောပါတယ်။ “အဓိက ဒေသမတည်ငြိမ်တဲ့အခါ ပင်လယ်ပြင် ငါးဖမ်းထွက်ရတာဟာ လုံခြုံရေး အခြေအနေအရ ခွင့်မပြုနိုင်ကြဘူး။ ဒါကြောင့် ငါးလည်းမရှားရအောင် ရခိုင်ရေလုပ်ငန်းလည်း ဖွံ့ဖြိုးလာအောင် မွေးမြူရေးရေလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်သွားမှာပါ” လို့ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညွန့်ဝေကလည်း ဆိုပါတယ်။ မွေးမြူရေးကန်တွေကို မောင်တောဒေသက ကျေးရွာ ၉၆ ရွာမှာ ပြုလုပ်ပေးမှာဖြစ်ပြီး ငါးကန်တကန်စီဟာ တန်ဖိုးငွေ ၇၅ သန်းအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ ကျဆင်းနေတဲ့ ရခိုင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဟာ မွေးမြူရေးရေလုပ်ငန်းဆီကို အသွင်ပြောင်းလာတာကို တွေ့ရှိလာရပါတယ်။ ဦးအောင်ဌေးကတော့ သူ့အနေနဲ့ မွေးမြူရေးလုပ်ငန်းတွေထက် ပင်လယ်ပြင်ငါးဖမ်းထွက်တဲ့ လုပ်ငန်းကိုပဲ လုပ်ကိုင်တတ်တယ်လို့ ဆိုပါတယ်။ “ပင်လယ်ပြင်မှာပဲ ရှာစားလာတာ၊ မွေးမြူရေးရေလုပ်ငန်းကို လုပ်ကိုင်လာကြမယ်ဆိုတော့လည်း ပြန်ပြီးတော့ သင်ယူရဦးမှာပါ" လို့ ဆိုပါတယ်။ သတင်းဆောင်းပါး - မိုးအောင်
4 years Ago
More News
Up